စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာတွင် ရောက်ရှိနေသော စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်း လက်နက်ကိုင်တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကလေးခရိုင်အမှတ် ၄ တပ်ရင်းက ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

စစ်ကော်မရှင်တပ် ဦးစီးသော ကသည်းတပ်ဖွဲ့ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် ဗိုလ် ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင် တပ်စိတ် ၁ စိတ် သေဆုံးခဲ့သည့်အပြင် ဗိုလ်မှူး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ယနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ကြေညာသည်။

နန်းစောင်းပုရွာကို စက်တင်ဘာလ ၅ ရက်က စတင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကြောင်းတွင် အကြပ်လောင်းများဟူ၍ ယူဆရသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၆၀ ခန့် ရှိပြီး ထိခိုက်ကျဆုံးမှု များ၍ နောက်တန်းပြန်ပို့ထားသည်ကို သိရှိ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

ကလေးမြို့ရှိ အမှတ် ၁၀ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက - ၁၀) တွင်လည်း ကသည်းလက်နက်ကိုင်တပ်မှ ဗိုလ်ကြီး ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၃၀ ခန့် အရာရှိ သင်တန်း တက်ရောက်နေသည်ဟု သိရသည်။

ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ကလေးမြို့သို့ ဩဂုတ်လက စတင်ရောက် လာခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တွင် ယခင်က တော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်သော ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် ယခု ကလေးမြို့သို့ ရွှေ့ပြောင်းသည်ဟု ယူဆရကြောင်း အမှတ် -၁ စစ်ဒေသထံမှ သိရသည်။

တမူးခရိုင်အတွင်းရှိ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များမှာ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro) ၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ဖြစ်ပြီး ပူးပေါင်းအင်အား (၅၀၀) ကျော်ရှိသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင်တပ်များသည် ဆယ်စုနှစ် တစ်စုကျော်ကြာ တမူးခရိုင်၊ ဟဲဇင်းရွာအတွင်း စတင်ဝင်ရောက်နေထိုင်ပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသည်ဟု အမှတ် - ၁ စစ်ဒေသ ထုတ်ပြန်ချက်အရ သိရသည်။

ကသည်းလက်နက်ကိုင် တပ်ဖွဲ့များအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ (NSCN – K) လည်း တမူးနှင့် ခန္တီးခရိုင်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

ယခုနှစ်အတွင်း အိန္ဒိယ စစ်တပ်၏ စစ်ဦးစီးချုပ် နှင့် စစ်ကော်မရှင်တပ် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ - ၁) မှူးတို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းလေ့ကျင်ခြင်း၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံး ပစ္စည်းများနှင့် ဒရုန်းပစ္စည်းများ ထောက်ပံ့ခြင်းများ ပြုလုပ်သည်ဟု သိရသည်။

July 15, 2026
မလေးရှားနိုင်ငံတစ်ဝန်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ရာ နာမည်ကြီးနေရာ ၁၈...
July 14, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍...
July 10, 2026
ချင်းပြည် တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်...
July 9, 2026
စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့်...