ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်

ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်

သျှမ်းပြည်အခြေစိုက်သတင်းဌာန တခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ချိနေပါသည်။

အဆိုပါသတင်းအမှားများကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်တခုမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။

၎င်းက “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်းစစ်ဆေးတွေ့ရှိ” ဟု (မူရင်း) နှင့် “TNLA ဖောက်ခွဲခဲ့သည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့်၊ ဒေသခံများကို ရထားသံလမ်းသန့်ရှင်းရေး လုပ်အားပေးခိုင်း” ဟု (မူရင်း) ဆိုကာ အကြောင်းအရာတွေကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် တုပပြုလုပ်ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို စစ်တပ်လော်ဘီ စာမျက်နှာတချို့ကပါ ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေနေကြသည်ကို တွေ့ရသည်။ ထိုအကြောင်းအရာသည် ပျံ့နှံ့မှုအားကောင်းနေပြီး ရှမ်းနှင့် တအာင်းတို့အကြား လူမျိုးရေး ပဋိပက္ခ ဖန်တီးနေခြင်း ဖြစ်သည်။

ဖြန့်ဝေထားသည့် လင့် – https://archive.ph/9Thl6

ဖြန့်ဝေထားသည့် လင့် – https://archive.ph/FNEc0

အချက်အလက်စိစစ်ချက်

လူမူမီဒီယာဖေ့ဘွတ်ခ်ပေါ်မှ ပျံ့နှံ့လာသော အဆိုပါအကြောင်းအရာကို MNFC အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ခမ်းသားငေါဝ်း သတင်းဌာတို့၏အချက်အလက်စစ်ဆေးသူများက စိစစ်ခဲ့ရာ လုပ်ကြံဖန်တီးထားသော သတင်းအမှား ဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိအချက်အရ “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်း စစ်ဆေးတွေ့ရှိ” ဟု ဆိုသည့် အကြောင်းအရာသည် လွတ်လပ်သည့် သတင်းမီဒီယာများတွင် ဖော်ပြထားခြင်း လုံးဝမတွေ့ရပေ။

ဖြန့်ဝေထားသည့်အကြောင်းအရာတွင် အသုံးပြုထားသော ဓာတ်ပုံကို Reverse Image Search ဖြင့် 

ရှာဖွေကြည့်သည့်အခါ ပြီးခဲ့သော ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့ (CCDAC Myanmar)မှ ဖော်ပြထားသည့် မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်စဉ်တခုမှ ဓာတ်ပုံ ဖြစ်နေသည်။

CCDAC Myanmar – https://archive.ph/ksN1Z

အဆိုပါအကြောင်းအရာကို သျှမ်းသံတော်ဆင့်သတင်းဌာနတွင် “စစ်ကော်မရှင်ထိန်းချုပ် လားရှိုးမြို့ ဒေသခံတစ်ဦးထံ စိတ်ကြွဆေးပြား လေးထောင်ကျော် ဖမ်းမိ” ဟု ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖော်ပြထားသော သတင်း – https://shorturl.at/LYFSx

အလားတူ “TNLA ဖောက်ခွဲခဲ့သည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့်၊ ဒေသခံများကို ရထားသံလမ်း သန့်ရှင်းရေးလုပ်အားပေးခိုင်း” ဟု ဆိုသည့် အကြောင်းအရာကို စိစစ်ကြည့်သည့် အခါမှာလည်း လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

ရှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံ ထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနက ရေးသားဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖော်ပြထားသော သတင်း – https://shorturl.at/9zU4E သို့သော် မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားနှင့် ပတ်သက်၍ TNLA က ဖောက်ခွဲခဲ့သည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ထည့်သွင်းရေးသားဖော်ပြခြင်း လုံးဝမရှိပါ။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေစဉ် ပြီးခဲ့သည့်ဩဂုတ်လ (၂၄) ရက်တွင် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ပေ (၃၀) ခန့် ကျိုးကျပျက်စီးသွားခြင်းဖြစ်သည်။

အဆိုပါ တံတားမိုင်းခွဲဖျက်ဆီးခံရသည့် အကြောင်းနှင့် ပတ်သက်၍  စစ်ကော်မရှင်နှင့် TNLA တို့အကြား နှစ်ဘက်အပြန်အလှန် စွပ်စွဲထားကြသည်။

ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် နောက်ဆက်တွဲတွင် သက်သေအတုများ ဖန်တီးကာ သတင်းအမှား ဖြန့်ဝေနေမှုများလည်း ရှိသည်။ ထိုအကြောင်းအရာကို MFCN အဖွဲ့ဝင် ခမ်းသားငေါဝ်းသတင်းဌာနက စိစစ်ထားပါသည်။

ဂုတ်ထိပ်တံတားကို မိုင်းခွဲရန် ပြင်ဆင်နေဆိုပြီး သက်သေအတုဖြင့် သတင်းအမှားဖြန့် – https://shorturl.at/4JZc8

သုံးသပ်ချက်

အထက်ပါ အချက်အလက်များနှင့် စိစစ်ကြည့်လိုက်သောအခါ “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” မှ ဖြန့်ဝေထားသောအကြောင်းအရာသည် ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာ၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် လူမျိုးရေး ပဋိက္ခဖြစ်ပွားစေနိုင်သည့်အကြောင်းအရာတွေကို ဖြန့်ဝေဝါဒဖြန့်နေသည့် ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာတခုဖြစ်ပြီး စာမျက်နှာကိုထိန်းချုပ်ထားသည့် Admin အကောင့် ၁ ခုရှိပြီး ထိုင်းနိုင်ငံမှ ထိန်းချုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင်လည်း “ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံ”တွင် သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိခဲ့ဖူးသည်။

စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား – https://shorturl.at/vpo1p

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည် ဖြစ်စေ Fact-checking ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...