ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်တပ်နယ် ဆင်လမ်းကျေးရွာနှင့် ညောင်ကျိုးကျေးရွာအနီးတို့တွင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေသဖြင့် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ရှုခင်းသာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များသည် ဆင်လမ်း၊ ညောင်ကျိုးကျေးရွာအနီးကို ထိုးစစ်ဆင်လာမှုကြောင့် AA နှင့် ပူးပေါင်းတပ်များက ဆီးကြိုတိုက်ခိုက်နေ၍ စစ်ကောင်စီတပ်က ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။
မြေပြင်အခြေနေသိသူ သတင်းရင်းမြစ်တစ်ဦးက " စစ်ကောင်စီတပ်က အသစ်ဖြည့်ထားတဲ့ တပ်တွေနဲ့ နေ့တိုင်းလိုလို ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ အဓိကတော့ မြေပြင်ထိုးစစ် တိုးမပေါက်တာကြောင့် ဒရုန်းတွေကို အဓိက အသုံးပြု တိုက်ခိုက်လာတာရှိတယ်။ မြေပြင်ထိုးစစ်ကတော့ တက်လာရင် ခွေးပြေး၊ ဝက်ပြေးပြေးကြရတာ များတယ်။ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များတာကြောင့် ဥသျှစ်ပင်တပ်နယ်ကို နေ့တိုင်း ပို့နေကြရတာရှိ တယ် " ဟု ပြောသည်။
အဆိုပါ တိုက်ပွဲများသို့ လက်ရှိတွင် စစ်ကောင်စီသည် တောင်ကုတ်- ပန်းတောင်းကား လမ်းမရှိ ကပစ- ၆ ညောင်ခြေထောက်က တစ်ဆင့် တပ်ကူများ ပို့ပေးနေပြီး ကပစ- ၅ ပြင်ကြီးနှင့် မင်းတုန်းမြို့နယ်ဖက်ကလည်း စစ်ကြောင်းထိုးနေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများသို့ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းဖြန့်ကျက်ပြီး တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
ထို့အတူ စက်တင်ဘာ ၁၀ ရက် AA ထုတ်ပြန်ချက်တွင် ညောင်ကျိုးနှင့် ဆင်လမ်းကျေးရွာအနီးတိုက်ပွဲများတွင် စကခ ၁၄ လက်အောက်ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်များပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း ဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်သို့ ဝင်ရန် အမ်း စစ်မျက်နှာကနေ မအောင်မြင်သဖြင့် တောင်ကုတ်သို့ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး ရခိုင်တောင်ပိုင်းမြို့နယ် အချို့ကို ရွေးကောက်ပွဲအတွက် ပြန်လည်ထိန်းချုပ်ရန် ဆန္ဒရှိနေကြောင်း စစ်ရေးသုံးသပ်သူများက ပြောသည်။
" စစ်ကောင်စီက အမ်းကဖက်က ထိုးစစ်ဆင်လို့ မရတဲ့အခါ တောင်ကုတ်တောင်ကြားလမ်းကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းလာတာဖြစ်တယ်။ အဲဒီကနေ ညောင်းကျိုးကိုသာ သူတို့ ရသွားမယ်ဆိုရင် တောင်ကုတ်ကို ဆက်သွားနိုင်ပြီး အဲဒီကတစ်ဆင့် အမ်း၊ သံတွဲ၊ ဂွနဲ့ ကျောက်ဖြူ စတဲ့ ရခိုင်ပြည်တောင်ပိုင်းက မြို့နယ်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတာလို့ သုံးသပ်လို့ရနိုင်တယ် " ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
စစ်ကောင်စီ အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမည့် မြို့နယ်များတွင် ရခိုင်တောင်ပိုင်းက မြို့နယ်များ ပါဝင်ခြင်း မရှိသည့်အတွက် မြေပြင်ထိုးစစ် မဆင်ခင် ဝေဟင်တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
"ဒါပေမဲ့ မြေပြင်ထိုးစစ်ကတော့ ရခိုင်ကို ထိုးဖောက်နိုင်လိမ့်မယ် မဟုတ်ဘူး" ဟု ဗိုလ်ကြီးဇင်ယော်က ဆက် ပြောသည်။
ထို့အတူ စက်တင်ဘာလ ၁၀ ရက် အာရက္ခတပ်တော် ထုတ်ပြန်ချက်တွင် စစ်ကောင်စီက နတ်ရေကန်ဗျူဟာ စခန်းက တပ်မ-၉၉ ကိုပြန်ရုတ်သိမ်းပြီး စကခ-၁၇၊ စကခ-၁၄ လက်အောက်ခံ တပ်များနှင့် ပြည်သူစစ်များဖြင့် ပဲခူး-ရခိုင်၊ မကွေး-ရခိုင်နှင့် ဧရာဝတီ-ရခိုင်အစပ်များတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပြုလုပ်လာနေကြောင်း သိရသည်။
ရခိုင်ပြည်နှင့် ဆက်စပ်နေသည့် တိုင်း ၃ ခုမှာ အာရက္ခတပ်တော်က မဟာမိတ် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး နှစ်ဖက်တိုက်ပွဲများ ဖော်ဆောင်နေခြင်းလည်းဖြစ်သည်။
ထို့အတူ အာရက္ခတပ်သည် လက်ရှိတွင် ကျောက်ဖြူမြို့တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများရှိနေသည်။







