TNLA ထိန်းချုပ် မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၅ လုံးပျက်စီး

TNLA ထိန်းချုပ် မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၅ လုံးပျက်စီး

သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၇ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်း ရွှေဂူရပ်ကွက်၊ အုန်းကိုင်းရွာသစ်ဘက်ရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းရှေ့သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၅) လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် လာကြဲသွားတာကတော့ ပေါင် ၂၅၀ ဗုံးနှစ်လုံးပါ။ အုန်းကိုင်းရွာသစ်ဘက် ကျလို့ နေအိမ် လေးငါးလုံးတော့ ထိတယ်။ အရင်လကလည်း အဲ့နားလေး ၂ ခါ ကြဲခံရလို့ လူအသေအပျောက် များသေးတယ်”ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုထပ်မံ ဗုံးကြဲခံရသည့် မိုးကုတ်မြို့အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီး ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်တွင်လည်း စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင် တစ်ဦး၊ ကလေး အပါအဝင် အမျိုးသမီး (၁၆) ဦး၊ အရပ်သားစုစုပေါင်း (၂၀) ဦး သေဆုံးခဲ့ရကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်ထဲ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ (၁၄) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာခဲ့သည့် ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ်စာရင်းထဲတွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ ပါဝင်နေသော်လည်း ကျောက်မဲနှင့် သီပေါမြို့များမှာ ထိုစာရင်းထဲ မပါဝင်ပေ။

ထို့ကြောင့် နောင်ချို-မိုးကုတ်လမ်းမှတဆင့် မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း မိုင်းလုံမြို့ဘက်သို့ ဦးတည်ကာ ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...