ကျောက်တော် ဗုံးကြဲခံရမှုတွင် ကျောင်းသားအပါအဝင် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးရှိလာ

ကျောက်တော် ဗုံးကြဲခံရမှုတွင် ကျောင်းသားအပါအဝင် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးရှိလာ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုဖြစ်စဉ်အတွင်း ကျောင်းသား/သူများအပါအဝင် ၂၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၆ ဦးအထိရှိလာကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၁၂ ရက်)၊ နံနက် ၁ နာရီကျော်တွင် သရက်တပင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့သဖြင့် ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်ကျောင်းအနီး ကျောင်းသားအိပ်ဆောင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ ဗုံးကြဲမှုကြောင့် ကနဦးအနေဖြင့် ကျောင်းအနီး အိပ်ဆောင်အပြင် အနီးအနားရှိ နေအိမ်များမှ ဒေသခံနှင့် ကျောင်းသား/သူများအပါအဝင် ၁၇ ဦး ပွဲချင်းပြီး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် အရေးပေါ်ဆေးကုသမှုခံယူခဲ့သည့် ဒဏ်ရာရှိသွားသူများအနက် ၅ ဦးမှာ ထပ်မံ သေဆုံးသွားသဖြင့် ယနေ့ နေလည်ပိုင်းအချိန်ထိ သေဆုံးသူ ၂၂ ဦးအထိ ရှိလာနေခြင်းဖြစ်သည်။

ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာမှ ကျောင်းသား မောင်အောင်ကျော်ညွန့်၏ မိခင်ဖြစ်သူ ဒေါ်မကျန်စိန်က ယခုကဲ့သို့ ပြောသည်။

“သားတစ်ယောက် အခုလို ဖြစ်သွားတဲ့အပေါ် ခံစားရပါတယ်။ သားဆိုလည်း အငယ်ဆုံး၊ ပညာကို မရှိမဲ့ ရှိမဲ့သင်နေတာ။ အဖေလည်း မရှိတော့ဘူး။ အစ်ကို တစ်ယောက်နိုင်ငံခြားမှာ လုပ်ပြီး ပညာသင်ပေးနေတာ။ သားသမီး ငါးနဲ့စားရင် ဆားနဲ့စားပြီး ဒီလောက်သင်ပေးနေတာ။ ဗုံးကြဲတဲ့ စစ်ကောင်စီကို အခုသွားပြီး သတ်ချင်တယ်။ တတ်နိုင်ရင် လေယာဉ်ကိုလည်း ဖျက်ချင်တယ်” ဟု ဒေါ်မကျန်စိန်က ပြောသည်။

သေဆုံးသွားသူ မောင်အောင်ကျော်ညွန့်မှာ အသက် ၁၇ နှစ်အရွယ်ရှိ ၁၂ တန်းကျောင်းသားတစ်ဦးလည်း ဖြစ်သည်။

သေဆုံးသွားသူ မောင်အောင်ကျော်ညွန့်၏ အစ်မဖြစ်သူ မဆန်းရီကလည်း "သူက ၁၂ တန်းဖြေပြီးရင် ကွန်ပျူတာ သင်မယ်။ နည်းပညာပိုင်း သင်မယ်ဆိုပြီး ပြောတယ်။ အခုလို ဖြစ်သွားတာ ပြောပြဖို့ မတတ်အောင် ရင်နာတယ်" ဟု ပြောသည်။

ဗုံးကြဲခံရမှုကြောင့် သေဆုံးဒဏ်ရာရသွားသည့် ကျောင်းသား/သူများထဲတွင် ကျားနက်ကန်၊ လိပ်မ၊ ကျောက်ဆည်ပြင်၊ ရွာမပြင်၊ သရက်တပင်၊ စေတီတောင် စသည့် ကျေးရွာများမှ ကျောင်းသား/သူများ ဖြစ်ပြီး အချို့မှာ အခြားနေရာများမှ စစ်ဘေးရှောင်နေသူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသူများမှာ အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ယင်းအထဲတွင် ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်၍ အသက်အန္တရာယ် စိုးရိမ်ရသည်။

“အခုလုပ်ရပ်ကို ရှုတ်ချတယ်။ လုပ်ရဲတာကိုလည်း အံ့ဩတယ်။ တစ်ခုမှ အပြစ်မရှိတဲ့ ကလေးတွေကိုမှ သူတို့ (စစ်ကောင်စီ) က ဒီလိုမြင်တယ်။ လုပ်တဲ့သူအနေနဲ့လည်း မဆိုင်ဘူး၊ မယူဘူးဆိုလည်း နောက်ဆုံးမှာ အဲဒီတာဝန်ကို ယူသွားရမှာပဲ။ မိဘတွေဆိုရင် အရူးတစ်ပိုင်းကို ဖြစ်နေကြတယ်” ဟု ပညာပန်းခင်း ကိုယ်ပိုင်ကျောင်းမှ ကျောင်းတာဝန်ရှိသူ ဦးသာက ပြောသည်။

စင်တင်ဘာ ၁၀ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ဇီးချောင်းတောင်တန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ကျောက်တော်မြို့နယ်ကို အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ယနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆ ကြိမ်အထိ ရှိလာနေပြီး ထိခိုက်သေဆုံးသူ အရပ်သားရာနှင့်ချီ ရှိလာနေသည်။

၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...
မြောက်ဦးဆေးရုံဗုံးကြဲမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အား တွေ့မြင်ရစဉ်။
February 3, 2026
ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည်...