ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြု

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြု

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း သိရသည်။

ရေဖြူဒေသတွင် တိုက်ပွဲစတင်ခဲ့သည့်အချိန်မှစ၍ ၂ လတာအတွင်း ရေဖြူဒေသခံများကို ၅ ကြိမ်ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးသူများရှိသလို ပျောက်ဆုံးနေသူများလည်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ကျွဲသလင်းရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ရာဖူးရွာသား ၁၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်သေးကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ဒီ ၁၀ ဦးကို ၇ ရက်နေ့က ဖမ်းတယ်။ အခုထိ ပြန်မလွတ်သေးဘူး။ တိုက်ပွဲဖြစ်တဲ့ နှစ်လအတွင်းမှာ ၅ ကြိမ်မကတော့ဘူး သူတို့ဖမ်းတာ။ ပြန်လွှတ်ပေးတာလည်း ရှိတာပေါ့နော်။ ရွာတွေ စစ်ကြောင်းထိုးလာတဲ့အချိန် နေရာတိုင်းမှာ ဒီလိုပဲ ရွာသားတွေ ဖမ်းပြီး တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို လမ်းပြခိုင်းတယ်။ လမ်းပြနဲ့ လူသားဒိုင်းအဖြစ် ပြုလုပ်နေပါတယ်။” ဟု မြေပြင်ရောက် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် ဒေသခံများကို စစ်ကြောင်းတစ်လျှောက် လမ်းပြအဖြစ်လည်းကောင်း၊ ၎င်းတို့အကာအကွယ်ရရန် ဒိုင်အဖြစ်လည်းကောင်း အသုံးပြုပြီး ရိုက်နှက် နှိပ်စက်ခြင်းများလည်း လုပ်ဆောင်ကြောင်း ဆိုသည်။

စစ်ကော်မရှင်တပ်တို့သည် သာယာမွန်ရွာမှ ရာဖူး၊ ကျွဲသလင်းနှင့် လော့သိုင်းရွာဘက်သို့ ယနေ့အထိ တောက်လျှောက် စစ်ကြောင်းထိုးလျက်ရှိသည်။

"ဒီဖမ်းခံရတဲ့ ရွာခံပြောတာက သူတို့ ခိုင်းသလို လုပ်ရတယ်။ ဟိုကို ဒီကို လိုက်ပို့ခိုင်းတာ ရှိတယ်။ တချို့ကြတော့ သူတို့ ဘာမလုပ်ဘူး။ သက်ကြီးရွယ်အိုတွေ ကလေးတွေကို ဒီတိုင်း ဖမ်းဆီးပြီး ပြန်လွှတ်တယ်။ တချို့က သူတို့အလိုမကျရင် ရိုက်တာမျိုးတွေ ရှိတယ်” ဟု ရေဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်တို့က သာယာမွန်ရွာကို စစ်ကြောင်းထိုးခဲ့ရာ အမျိုးသမီး၊ ခလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းကို ဘုန်းကြီးကျောင်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၉ ရက်နေ့က ပြန်လွှတ်ခဲ့သည်ဟု သိရသည်။

အထူးသဖြင့် ကျေးရွာအတွင်း မတိမ်းရှောင်နိုင်သည့် ဒေသခံပြည်သူများကို ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။

ရေဖြူဒေသတွင်း တိုက်ပွဲပြင်းထန်နေဆဲကာလဖြစ်သည့်အတွက် ဖမ်းဆီးခံရသူနှင့် ပျောက်ဆုံးနေသည့် ဒေခံများ၏ အရေအတွက်ကို IMNA မှ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချခြင်းသည် နိုင်ငံတကာ လူသားချင်းစားနာမှုဥပဒေ (IHL) အရ ပြည်သူများကို ဓားစားခံအဖြစ် ဖမ်းဆီးခြင်း (သို့မဟုတ်) လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ မပြုရဟူသော ဥပဒေကို ချိုးဖောက်ထားသည့် လုပ်ရပ်ဖြစ်ပြီး၊ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...