အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဇီးချောင်းတောင်တန်းကို ယမန်နေ့ (စက်တင်ဘာ ၁၀ ရက်)တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်၊ ညဉ့် ၁၀ နာရီကျော်တွင် ဇီးချောင်းတောင်တန်း၊ သစ်တစ်ပုံကျေးရွာ၊ သစ်တစ်ပုံဆည် အနီးတစ်ဝိုက်အား ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာပြီး၊ အတွဲလိုက်ဗုံး ၆ လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။
သစ်တစ်ပုံကျေးရွာမှ အမျိုးသားတစ်ဦးက “ဂျက်နဲ့ လာပစ်တာ၊ ရွာနဲ့ နည်းနည်းဝေးတဲ့ တောင်ထဲကို ကျတာဆိုတော့ ရွာခံအထိအခိုက်တော့ မရှိဘူး။ ပေါက်ကွဲသံလည်း အများကြီး ကြားရတယ်။ ညဆိုတော့ အားလုံးက ရုတ်ရုတ် သဲသဲဖြစ်သွားပြီး အိမ်မပျော်ခဲ့ကြဘူး” ဟု ပြောသည်။
အဆိုပါ နေရာမှာ ကျောက်တော်- ပလက်ဝ ကားလမ်းမကြီး အရှေ့ဘက် ဇီးချောင်းတောင်ကြောထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သဖြင့် အရပ်သား ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် ဗုံးကျရောက်ပေါက်ကွဲသည့် နေရာနှင့် အနီးတဝိုက်ရှိ၊ သစ်တစ်ပုံကျေးရွာ၊ လက်ပံကျေးရွာ၊ မင်းသားတောင်၊ စပါးဆိပ် စသည့်ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း ပြောဆိုကြသည်။
“အိပ်မောကျတော့မယ့် အချိန်မှ လေယာဉ်က အသံတအားကျယ်ပြီး လာတာ၊ တစ်ကြိမ်ဝဲတယ်၊ ချတယ်။ နောက်တစ်ကြိမ် ထပ်ဝဲတယ်။ ချတယ်။ ချသံကြားပြီးတော့ မအိပ်ရဲတော့ဘူး။ ထပ်ပြီးများ လာအုံးမလားဆိုပြီး နားစွင့်နေရတာ” ဟု လက်ပံကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ်တွင် ယမန်နေ့ နေ့လည်ပိုင်းက ကင်းထောက်လေယာဉ်များ ပျံ့သန်းခဲ့ပြီးနောက် ဒေသခံများ စိုးရိမ်မှုရှိခဲ့ပြီး ညဖက် လူအိပ်ချိန်တွင် ယင်းသို့ ဗုံးလာကြဲခြင်းဖြစ်သည်။
“မနေ့က မွန်းတည့်ချိန်လောက်မှာ ကျောက်တော်မြို့နဲ့ အနီးတဝိုက် ကောင်းကင်မှာ ကင်းထောက်လေယာဉ် တစ်စီး ဝဲလည်လည် လုပ်ခဲ့တယ်။ တစ်ခုတော့ ဖြစ်လာမလားဆိုပြီး ဒေသခံတွေ အားလုံးစိုးရိမ်နေတာ။ ညဉ့်အချိန် ဗုံးလာကြဲလာတော့တာပဲ” ဟု နောက်ထပ် လက်ပံကျေးရွာသားတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တစ်နှစ်ကျော် အတွင်း စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၅ ကြိမ်အထိရှိလာကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ကျောက်တော်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် AA က သိမ်းပိုက်ထိန်းချုပ်ပြီး နောက်ပိုင်းမှ စ၍ ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်အထိ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၅ ကြိမ်အထိ ရှိလာခြင်း ဖြစ်သည်။
ထိုသို့ ဗုံးကြဲမှုကြောင့် အရပ်သား စုစုပေါင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အဆောက်အအုံ ရာနှင့်ချီလည်း ပျက်စီးခဲ့သည်။
ကျောက်တော်ဒေသခံတစ်ဦးက “စစ်ကောင်စီဟာ လူနေထိုင်ရာ မြို့ပေါ်ရပ်ကွက်နေရာတွေ၊ ဆေးရုံတွေကို မကြာခဏ ပစ်နေတော့ သေဆုံးသူတွေလည်း အများအပြားရှိနေပြီ။ နောက်ပြီးတော့ ကျနော်တို့ မကြာမကြာ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ ဒါတွေက ပြည်သူတွေကို စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်" ဟု ပြောသည်။
ဩဂုတ်လ ၂၅ ရက်ကလည်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ ချခဲ့သဖြင့် ကလေးငယ်အပါအဝင် ၁၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်ရှိ မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံသူ ၉၂၆ ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁, ၉၅၄ ဦးရှိခဲ့ကြောင်း AA ၏ စာရင်းအရ သိရသည်။
ယင်းကဲ့သို့ အရပ်သားများအား ဦးတည်တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေခြင်းသာဖြစ်သဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူသင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုထားကြသည်။







