ရှိန်းခေါင်မှာ ပြည်သူ့စစ်တပ်က ဒေသတွင်း ကုန်အဝင်အထွက်ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ပြည်သူတွေအခက်တွေ့

ရှိန်းခေါင်မှာ ပြည်သူ့စစ်တပ်က ဒေသတွင်း ကုန်အဝင်အထွက်ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ပြည်သူတွေအခက်တွေ့

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝေးလံ‌ခေါင်ဖျားတဲ့ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ရွာမှာ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က ကုန်အဝင်အထွက် ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဒေသခံ‌ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေတယ်လို့ သိရပါတယ်။

လက်ရှိ ရှိန်းခေါင်ရွာကို အုပ်ချုပ်‌နေတဲ့ တန်န်ဂူးတန်ပြည်သူ့စစ်တပ်တွေက ဒေသတွင်းဈေးသည်တွေအပါအဝင် သာမန်အရပ်သားပြည်သူတွေကို တရုတ်နယ်စပ်ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့အတွက် ဒေသခံတွေဟာ အခြေခံစားသောက်ကုန်ဝယ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကို‌တော့ ရှိန်းခေါင်ရွာထိ သွားလာခွင့်ပေးထားပြီး စီးပွားရေး လုပ်ကိုင်ခွင့် များစွာပေးနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “စျေးဆိုင်အားလုံးတရုတ်လူပဲ။စစ်တပ်နဲ့ပြည်သူ့စစ်ဂိတ်နားမှာဖွင့်ခွင့်ပေးထားတယ်။ သူတို့က တရုတ်ဆိုရင် အခွန်ကောက်တာများတယ်‌လေ။ တရုတ်ကလည်း အခွန်များများပေးရတော့ အရင်ထက် စျေးပိုတင်လာတယ်။ အဓိကစားကုန်ဖြစ်တဲ့ ဆန်၊ ဆီတွေလည်း ဈေးက အရမ်းတက်လာပြီ”လို့ ပြောပါတယ်။

ဒေသခံတွေ ပြောချက်အရ ဆန်၊ ဆီ၊ ဆားသာမက တရုတ်ပြည်မှ တင်သွင်းလာတဲ့ ဓါတ်ဆီ၊ ဒီဇင်များကိုလည်း ပြည်သူ့စစ်က ထိန်းချုပ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကာ ပြည်သူတွေကိုတစ်ဆင့် စျေးတင်ပြီး ပြန်လည်ရောင်းချနေတယ်လို့ သိရပါတယ်။

လတ်တလော တရုတ်ပြည်ဖက်မှဝင်လာတဲ့ (ကျင် ၅၀ ရှိ) ဓါတ်ဆီတစ်ပုံးကို တရုတ်ယွမ် ၃၀၀ သာပေးရပေမယ့် ဒေသခံများကိုတော့ ကျင်မပြည့်တဲ့အပြင် ထပ်ဆင့် ယွမ် ၄၀၀ နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“ဒီရှိန်းခေါင်ရွာအထွက်မှာ ကုန်တင်ကုန်ချဂိတ်လုပ်ထားတယ်။ အဲဂိတ်က‌နေပဲ ကုန်တွေဝယ်ရတယ်။ အဓိက တရုတ်နဲ့‌ ပေါင်းပြီးလုပ်နေတာ ပြည်သူတွေ အဲကနေတစ်ဆင့်ပြန်ဝယ်ရတာ ဘယ်ပစ္စည်းမဆို သူတို့ သတ်မှတ်ထားတဲ့ဈေးပဲ”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

အဲဒီဒေသမှာရှိကြတဲ့ ဒေသခံပြည်သူတွေဟာ ရှောက်ကော၊ ပါကော စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရှီးပဒီစတဲ့ တောတွင်း သဘာဝတွင်းထွက် ပစ္စည်းများကိုသာရှာဖွေပြီး တရုတ်နိုင်ငံဘက်ကို ရောင်းဝယ်ရေးလုပ်ကာ အသက်မွေးဝမ်းကြောင်း ပြုနေကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ဒေသခံ‌တွေကို တရုတ်ဘက်ခြမ်း သွားခွင့်မပြုပဲ ဒေသထွက်ကုန်‌တွေကို သူတို့ချမှတ်ပေးတဲ့ဈေးနဲ့ တရုတ်လုပ်ငန်းရှင်တွေကို ရောင်းရတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ရှောက်ကာအရောင်းဝယ်လုပ်ကြတယ်။ ဒါကို ပြည်သူတွေကို နယ်စပ်ထိ သွားလာခွင့်မပြုပဲ စစ်တပ်နဲ့ ပြည်သူစစ်ကကြားခံပြီးနှစ်ဖက်ကြားမှာလုပ်စားနေတာဟုတ်တယ်။ အဲရှောက်ကောဆိုလည်း သူတို့ဖြတ်ပေးတဲ့ဈေးပဲ ရောင်းရတာ”လို့ ပြောပါတယ်။

စစ်တပ်နဲ့ပြည်သူ့စစ်တပ်‌တွေဟာ ဒေသထွက်ကုန်တွေကို ၎င်းတို့ သတ်မှတ်ထားတဲ့ ဈေးအတိုင်း ဈေးနှိမ်ဝယ်ယူနေပြီး တရုတ်ဘက်က တင်သွင်းထားတဲ့ ဓါတ်ဆီ၊ဒီဇယ်နဲ့ အခြေ‌‌ခံစားသောက်ကုန်တွေကိုတော့ သာမန်ထက် ဈေး ၂ ဆခန့်မြင့်တင်ပြီးရောင်း ပေးနေတယ်လို့ ဒေသခံတွေဆိုပါတယ်။

ခေါင်လန်ဖူးနဲ့ တရုတ်နယ်စပ် ၂ ခုကြားမှာတည်ရှိတဲ့ ရှိန်းခေါင်ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတာကြောင့် ဒေသတွင်းလိုအပ်တဲ့အခြေခံစားသောက်ကုန်တွကို ကချင်ပြည်နယ်ဘက်ကနေ ပို့ဖို့ ခက်ခဲတာကြောင့် တရုတ်ပြည်ဘက်ခြမ်းမှ တင်သွင်းကြတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ အကြီးဆုံးနယ်စပ်ဂိတ်တစ်ခုလည်းရှိပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်က ဒေသတွင်း ဂိတ်ဖြတ်သန်းခွင့်အပြင် ကုန်အဝင်ထွက် အားလုံးကန့်သတ်ထိန်းချုပ်လိုက်တဲ့အတွက် ပြည်သူတွေ ခက်ခဲကြပ်တည်းလာတယ်လို့ သိရပါတယ်။

ရှိန်းခေါင်ရွာဟာ ခေါင်လန်ဖူးမြို့ကနေ ခြေလျင်နဲ့ ၃ ရက်အကြာသွားရတဲ့ လမ်းခရီးတစ်ခုဖြစ်ပြီး ခေါင်းဖူးမြို့ထက် လူဦးရေထူထပ်ပြီး လူစည်ကားတဲ့ ရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီကျေးရွာဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာဖြစ်ခဲ့တဲ့ မီး လောင်မှု‌‌ကြောင့် နှစ်ပေါင်း ၂၀ ကျော်အထက်ရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်များစွာမီးလောင်ပြီး ရွာလုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ကြသလို ၂၀၂၅ ခုနှစ် မေလ မှာတစ်ကြိမ် နေ မ် ၄ လုံးထပ်မံမီးလောင်ခဲ့ပါတယ်။

ဒါကြောင့် ရွာလုံးကျွတ်မီး ဘေးသင့်ခဲ့တဲ့ ရှိန်းခေါင်ရွာပြည်သူတွေဟာ ပြန်လာထူထောင်နိုင်ရေးလုပ်အတွက် များစွာကူညီထောက်ပံ့မှုလိုအပ်နေချိန် ပြည်သူ့စစ်တွေအ နေနဲ့ ကုန်အဝင်အထွက် ကန့်သတ် ထိန်းချုပ်တာ မလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တန်ဂူးဒန်ပြည်သူ့စစ်အဖွဲ့ကို KNG က ဆက်သွယ် နေပေမယ့် ဖုန်းလိုင်းအခက်ခဲ ကြောင့် ဆက်သွယ်လို့မရသေးပေ။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...