ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊ ဂျက်ဖိုက်တာ စတဲ့လေယာဥ်အမျိုးအစားတွေကို လုံခြုံရေးအတွက် အဓိက အသုံးပြုကာ စုန်ဆင်းလာခဲ့တာလို့ သိရပါတယ်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေကူ၊ ကသာ၊ ထီးချိုင့် စတဲ့မြို့တွေကို အမျိုးမျိုးသော တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထီးချိုင့်မြို့နယ်မှာတော့ အရပ်သားသေဆုံးမှုတွေများပြားခဲ့တာလို့ အခြေနေသိရှိသူ စစ်ရေးသတင်းရင်းမြစ်တစ်ဦး KNG ကို အခုလိုပြောပါတယ်။
“သင်္ဘောတွေထီးချိုင့်ဘက်ကိုရောက်တဲ့အချိန်မှာ Y 12 နဲ့ပစ်တာ လူတော်တော်ထိတယ်။ အခုသိရသလောက် ပြည်သူက၁၀ ဦးထက်မနည်းသေမယ်လို့ခန်းမှန်းရတယ်။ သင်္ဘောတွေကတော့ ဒီမနက်ဘဲ ထီးချိုင့်မြို့နယ်ကနေ ထွက်သွားတယ်”လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက ၅ ဦး၊ ကျောက်မှော်ကျေးရွာက ၁ ဦး၊ ဘိုကုန်းကျေးရွာက ၃ ဦး နဲ့ ဝဲကြီး(ချွန်း)ကျေးရွာက ၂ ဦးတို့သေဆုံးခဲ့ရတာဖြစ်ကြောင်း ထီးချိုင့်ဒေသတွင်း သတင်းတွေကို ဖော်ပြပေးနေတဲ့ Tigyaing Revolution TR က သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ ထုတ်ပြန်တာမတွေ့ရသေးသလို KNG ကလည်း အတည်ပြုနေဆဲဖြစ်ပါတယ်။
ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာနေတဲ့စစ်သင်္ဘောအုပ်စုထဲမှာ စစ်သင်္ဘော ၂စီးနဲ့ သံခွန်သင်္ဘောအများစု ပါဝင်ပြီး စုစုပေါင်းသင်္ဘော ၁၂ စီးရှိတယ်လို့သိရပါတယ်။
“ကျနော်တို့ကသာနယ်မှာတော့ အိမ်တွေဘာတွေမှန်တယ်။ ပျက်ဆီးမှုတွေရှိတယ်။ လူသေဆုံးတာတော့မရှိဘူး။ ထီးချိုင့်နယ် တော့တော်တော်ပစ်ခံရတယ်။ကျနော်တွေ့လိုက်တာကတော့ စစ်သင်္ဘောက နှစ်စီးရယ် ပုဂ္ဂလိက ပိုင်သင်္ဘောတွဲ တွေကိုအများဆုံး တွေ့ရတယ်။ စစ်သင်္ဘောတွေက အရှေ့အနောက်ကို ခြံရံပြီးလိုက်တာ” လို့ ကသာမြို့ခံ အမျိုးသားတစ်ဦးပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီစစ်သင်္ဘောအုပ်စုဟာ စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်ကိုရောက်ရှိနေပြီဖြစ်ပြီး မြစ်ကြောင်း တစ်လျှောက်မှာ နေထိုင်တဲ့ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေးတပ်တွေကတိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ် ဗန်းမော်မြို့ အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့တာပါ။
အဆိုပါစစ်သင်္ဘောတွေဗန်းမော်ကိုရောက်ပြီးတဲ့နောက်မှာဘဲ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့တွင်းမှာ KIA ပူးပေါင်းတပ် နဲ့စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ သိသိသာသာ ပြင်းထန်လာတာ ဒီနေ့အထိ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ စစ်သင်္ဘောတွေ ဆန်တက်ဖို့အတွက် စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့မြစ်ကြောင်း အခြေနေ စောင့်ကြည့်တဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ဒါ့အပြင် ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆောက်အဦးများ ပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်ကနေလက်နက်ကြီးလက်နက် ငယ်တွေနဲ့ပစ်ခတ်သလို Y 12 အမျိုးအစား ရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ ရှိတာဖြစ်ပါတယ်။







