မရမ်းချောင်းရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက ဒေသခံများကို တိမ်းရှောင်ခွင့်မပြု

မရမ်းချောင်းရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက ဒေသခံများကို တိမ်းရှောင်ခွင့်မပြု

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ ဝင်ရောက်တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများသည် ဒေသခံများကို တိမ်းရှောင်ခွင့်မပြုဘဲ ရွာသားများကို အကာကွယ်အနေဖြင့် အသုံးပြုနေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည့် မရမ်းချောင်းရွာတွင် လက်ရှိအခြေအနေအရ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်ပွားလာပြီး စစ်ကောင်စီ ရေဖြူအခြေစိုက်ခလရ ၂၈၂ မှအင်အားတပ်တိုးဖြည့်တင်းနေပြီး ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင်မရမ်းချောင်းရွာတွင် လှုပ်ရှားတပ်ပုံစံကဲ့သို့ စစ်ကြောင်းထိုးခြင်း၊ ဝင်ရောက်နေထိုင်ခြင်းများ လုပ်ဆောင်နေပြီး ကျေးရွာအတွင်း ကျန်ရှိနေသည့် ဒေသခံများကိုလည်း ရွာအပြင် ထွက်ခွာခွင့်မပြုဘဲ အကာကွယ်အနေနှင့် အသုံးပြုနေသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်သားတစ်ဦးက ပြောသည်။

“မရမ်းချောင်းမှာက သူတို့လှုပ်ရှားတပ်ပုံစံလို့ ခဏနားလိုက် စစ်ကြောင်းထိုးလိုက်ပါပဲ။ ပိတ်မိနေတာက ဈေးဆိုင်တွေ အဲတာ ရွာက လူတွေကိုလည်း သူတို့ မပေးထွက်ဘူး။ ရွာမှာ ကျန်တဲ့သူတွေက အနည်းစုပါပဲ။ ရွာထဲ ဝင်တဲ့သူတွေကိုလည်း သူတို့ မပေးဝင်ဘူး။ စစ်တပ်က ရွာကလူတွေကို ကာဗာလုပ်ပြီးတော့ သောင်းကျန်းတာတွေပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ မရမ်းချောင်းဒေသခံများ ပြီးခဲ့သည့် သြဂုတ်လဒုတိယအပတ်မှစ၍ တိုက်ပွဲကြောင့် စတင်တိမ်းရှောင် နေသူများရှိသော်လည်း ရွာအတွင်း ကျန်ရှိနေသူများ လက်ရှိတွင် ပိတ်မိနေပြီး ရွာအတွင်းသို့လည်း ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း ဆက်ပြောသည်။

သြဂုတ်လလယ်လောက်မှစပြီး ကော့လှိုင်ရွာ၊ မရမ်းချောင်းရွာ၊ မိုင် ၆၀ ရွာနှင့် သာယာမွန်ကျေးရွာ အပါအဝင် ဒေသခံ ၈၀၀ နီးပါးခန့် တိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီနေသူများထံမှသိရသည်။

မွန်၊ကရင်၊ ထားဝယ်ပူးပေါင်းမဟာမိတ်တော်လှန်ရေးအဖွဲ့တို့က ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနေပြီး၊ ခလရ ၂၈၂ တပ်ရင်းအပြင် ကံပေါက်တပ်ရင်းနှင့် ကလိန်းအောင်ဘက်မှလည်း စစ်ကူများ ဖြည့်တင်းနေကြောင်း ဒေါနတပ်ရင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပြည်ထောင်စုလမ်းမကို ကျနော်တို့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ စကစက ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ ခလရ ၂၈၂ တပ်ရင်းနဲ့ လည်းနီးတယ်။ စစ်ကူလာရင် ကံပေါက်ဘက်က လာတယ်။ နောက်တခုက ကလိန်အောင်ဘက်က ၄၀၈၊ ၄၀၉၊ ၄၁၀ ကနေလည်း စစ်ကူလာတယ်။ ခလရ ၂၈၂ ကနေပြီး အဓိကကတော့ မရမ်းချောင်းကို တက်လာပြီးတော့ ၂၈၂ တပ်ရင်းကနေ တိုးလာတယ်။ အင်အားကတော့ ၁၅၀ လောက်ရှိမယ်” ဟုပြောသည်။

မရမ်းချောင်းရွာတွင် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် လက်ရှိတွင်လည်း ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများတွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အခြေအနေများ ဖြစ်နေသည်ဟုလည်း တော်လှန်ရေးပူးပေါင်းတပ်များက ဆိုသည်။

တိုက်ပွဲများကြောင့် လမ်းပိုင်းအသွားအလာခွင့် မကြာခဏကန့်သတ်နေခဲ့ရပြီး တိုက်ပွဲအခြေအနေ မတည်ငြိမ်နေသည့်အတွက် အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိပါက လမ်းပိုင်းအသွားအလာသတိပြုကြရန်လည်း တိုက်တွန်းထားသည်။

ယခုသြဂုတ်လတွင် ရေဖြူမြို့နယ် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင်လည်း စစ်ရေးပိုမိုပြင်းထန်နေပြီး စစ်ကောင်စီအဖွဲ့မှ နတ်အိမ်တောင်နှင့် မလွှဲတောင်ဘက်သို့ဦးတည်ပြီး စစ်ကြောင်းလေးကြောင်းခွဲ၍ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...