အာရက္ခတပ်တော်(AA) နှင့် အကြမ်းဖက်စစ်တပ်တို့အကြား အပြင်းအထန် ဖြစ်ပွားနေသည့် ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှ ဒဏ်ရာရ စစ်သား၅၀ ခန့်ကို စစ်တွေမြို့သို့ရေတပ်စစ်ရေယာဉ်ဖြင့် ယူဆောင်လာသည်ဟုမျက်မြင် စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ရေယာဉ်ဖြင့် ယူဆောင်လာသည့် ဒဏ်ရာရ စစ်သားများကို ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် စစ်တွေအာဏာပိုင်ဆိပ်ကမ်းမှ တင်ဆောင်ခဲ့ကြောင်း ၎င်းကပြောသည်။
“ဆိပ်ကမ်းက ကားနဲ့ ဆေးရုံတွေကို သယ်တာပါ။ ဒဏ်ရာရစစ်သားတွေကို စစ်ရေယာဉ်ပေါ်က ထမ်းစင်နဲ့ ချတာရှိတယ်။ တချို့က ချိုင်းထောက်တွေနဲ့ ဆင်းလာတာတွေ့တယ်။ ၄၅ ယောက်လောက်ရှိတယ်” ဟု ပြောသည်။
လက်ရှိမှာ ကျောက်ဖြူမြို့ပြင်ဘက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အနည်းဆုံး နေရာ ၃ ခုလောက်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။
“ဖြစ်နေတာက လိပ်ခမော်၊ သပြုတောင်၊ ဓည၀တီရေတပ်ဘက်၊ စည်မော်ဘက်ထိ ဖြစ်နေပါတယ်။ အခု မိုးက အရမ်းရွာနေ ဘာသတင်းမှ မရပါ။ မိုးများရင်တော့ စစ်တပ်ဘက် လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင်ရင်တော့ တပ်တော်ဘက်က အခြေအနေကောင်းနိုင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်ဩဂုတ်လ ၅ ရက်ကလည်း AB03 ရေယာဉ်ဖြင့် စစ်သားအင်အား ၄၇၀ ခန့် စစ်တွေကို အင်အားဖြည့်ခဲ့ပြီး အဆိုပါရေယာဉ်ပေါ်တွင် ဒဏ်ရာရ စစ်သား ၂၀ခန့်လည်းပါဝင်တယ်လို့ စစ်တွေမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒဏ်ရာရစစ်သားများကို စစ်တွေစစ်ဆေးရုံတွင်ဆေးကုသပေးနေပြီး အရာရှိတချို့ကို ရဟတ်ယာဉ်ဖြင့် ရန်ကုန်သို့ သယ်ဆောင်သွားသည်ဟု သိရသည်။







