စစ်ကော်မရှင်နှင့် TNLA ကျောက်မဲ နောင်ပိန်ရွာအနီး စစ်ရေးပြင်းထန်၊ ကျောက်မဲထိ စစ်မီးကူးနိုင်

စစ်ကော်မရှင်နှင့် TNLA ကျောက်မဲ နောင်ပိန်ရွာအနီး စစ်ရေးပြင်းထန်၊ ကျောက်မဲထိ စစ်မီးကူးနိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေယာဉ်နှစ်စီးဖြင့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် TNLA ပူးပေါင်းတပ်နှင့်လည်း ကူမင်းဆွေးနွေးပွဲမတိုင်မီ မြေပြင် ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) ည ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ် နောင်ပိန်လမ်းခွဲအနီးသို့ စစ်ကော်မရှင်တပ်မှ လေယာဉ်နှစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နောင်ချိုဘက်မှ ဂုတ်တွင်းချောင်းဖြတ်ကူး၍ မြေပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် TNLA ပူးပေါင်းတပ်တို့ ထန်းတပင်ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“ပင်တိန်လမ်းခွဲနားကို လေယာဉ်နဲ့ဗုံးတစ်လုံး ကြဲချသွားပြီး မြောက်ဘက် ဆက်တက်သွားတယ်။ ခနလေးပဲ လေယာဉ်နောက်တစ်စီး ထပ်လာပြီး သိမ်ကန်နား ဗုံးထပ်တစ်လုံး ကြဲတယ်။ ရပ်ကွက်(၁) ထဲတော့ နေ့လယ်က လက်နက်ကြီးမှန်တဲ့အိမ် (၅) လုံးကျော် ရှိပြီ။ လက်ဖက်ရည်ဆိုင်က အန်တီတစ်ယောက် ဗိုက်ထိတယ်၊ သူ့တူလေးက ပေါင်ကျိုးသွားတယ်”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်တပ်မှ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

စစ်ကောင်မရှင်တပ်သည် ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းမှ စတင်ပြီး နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ထန်းတပင်ကျေးရွာဘက်သို့ စစ်အင်အား (၇၀၀) ကျော် မြေပြင် စစ်ကြောင်းထိုးလာပြီးနောက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ TNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

“နောင်ပိန်နဲ့ ထန်းတပင်ကြားမှာ စစ်တပ်နဲ့ ပလောင် ဒီညပိုင်း ပစ်နေကြတယ်။ နက်ဖန် တရုတ်မှာ ဆွေးနွေးပွဲ လုပ်မယ်ပြောပြီး အခု မြေပြင်မှာက ထိုးစစ်ဆင်လာတယ်။ စစ်တပ်က ဂုတ်တွင်းတဖက်ကမ်း ကူးလာပြီဆိုတော့ ရက်ပိုင်းနဲ့ ကျောက်မဲမြို့ပေါ်ထိ တက်သွားနိုင်မယ်”ဟု နောင်ပိန်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၀ နာရီကျော်တွင် အသေခံဒရုန်း တစ်စင်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းဒရုန်းမှာ မြို့တွင်း၌ ပျက်ကျခဲ့ခြင်းကြောင့် လူထိခိုက်မှု မရှိကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများနှင့် နောင်ပိန်တိုက်နယ် ဒေသခံများ၊ စစ်ဘေးရှောင်များမှာ ပုံဝိုး၊ ဟဲကွီဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...