စစ်တပ် ပစ်လိုက်တဲ့ ဒရုန်းကြောင့် အရပ်သား ၅ ဦးထပ်မံ ထိခိုက်

စစ်တပ် ပစ်လိုက်တဲ့ ဒရုန်းကြောင့် အရပ်သား ၅ ဦးထပ်မံ ထိခိုက်
Photo - CJ
Photo - CJ

ဖားကန့်၊ ရှရော်ခ(Sharaw Hka) ကျေးရွာရှိ ရဝမ်ကုန်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ဒရုန်ထိမှန်ပြီး ဆယ်ကျော်သက် ကလေးငယ်တစ်ဦး နဲ့ အသက် ၅၀ ကျော် အမျိုးသား ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်မှာ ဖားကန့် ဗျူဟာကုန်းကနေ ပစ်ထည့်လိုက်တဲ့ လက်နက်ကြီးဒရုန်း ရှရော်ခကျေးရွာထဲမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး  အခုလို အရပ်သားပြည်သူ ၅ ဦးထိခိုက်မှုရှိတာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စစ်တပ် ဗျူဟာကုန်းကနေလို့ ယူဆလို့ရပါတယ်။ အရင် မပစ်ချခင်အထိ ကောင်းကင်ထဲမှာ စွန်လေးလို ပျံဝဲနေတာ တွေ့လိုက်တယ်။ အဲဒါကြောင့် ဒရုန်းဗုံးဆိုပြီး ပြောနေကြတယ်။ ရှရော်ခကျေးရွာမှာက အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအများစုက စစ်ရှောင်သွားကြတယ်ပေါ့လေ။ ရွာပေါ်မှာက အိမ်စောင့်ဆိုပြီးတစ်ချို့က ချန်ထားကြတယ်ပေါ့လေ။ အခုဆိုရင်လည်း တိုက်ပွဲဖြစ်တာမရှိပဲ ပစ်ခတ်ခံရတယ်”

ရှရော်ခကျေးရွာမှာ ဩဂုတ်လ ပထမအပတ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် တိုက်ပွဲပြန်လည်ငြိမ်သက်နေတာ တစ်ပတ်ကျော်ခန့်ရှိသွားပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ဒရုန်းကြောင့် အသက် ၁၆ နှစ်အရွယ် ထန်ရှမ်းခိုင်၊ အသက် ၅၂ နှစ်အရွယ် ကိုဝင်းနိုင်၊ အသက် ၅၆ နှစ်အရွယ် ကိုရဲနိုင်၊ အသက် ၅၇ နှစ်အရွယ် ကိုထူးကျော်၊ အသက် ၅၀ နှစ်အရွယ် ကိုတင်ထွဋ် တို့က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ လခန့် ကြာမြင့်လာပြီး စစ်ကောင်စီတပ်က လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒရုန်းပစ်ခတ်ခံရတဲ့ ရှရော်ခကျေးရွာနဲ့ ဖားကန့် ဗျူဟာကုန်းဟာ ၂ မိုင်နဲ့ ၃ မိုင်အကွာမှာ ရှိတယ်လို့သိရပါတယ်။

ဩဂုတ်လဆန်းပိုင်း တစ်ပတ်အတွင်းမှာပဲ ဗျူဟာကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...