ဗန်းမော်မြို့က အမြောက်တပ် ၃၆၆ နေရာကို ရှောင်ပေးထားရတယ်လို့ ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

ဗန်းမော်မြို့က အမြောက်တပ် ၃၆၆ နေရာကို ရှောင်ပေးထားရတယ်လို့ ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် စစ်သင်္ဘောတွေ ရောက်ရှိလာတဲ့နောက်ပိုင်း တိုက်ပွဲပြင်းထန်လာပြီး KIA သိမ်းပိုက်ထားတဲ့ အမြောက်တပ်- အမတ (၃၆၆) ရဲ့ နေရာတစ်ချို့ကို ခဏရှောင်လိုက်ရတယ်လို့ ကြားသိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က မြေပြင်ထိုးစစ်အပြင် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်နေပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာနေတယ်လို့ ဗန်းမော်စစ်ရေးနဲ့ပတ်သက်ပြီး လတ်တလောအခြေအနေကို ဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။

“မြေပြင်ကနေလည်း စစ်ကြောင်းထိုးတာ ရှိတယ်။ ဒရုန်းအသေးတွေ အများကြီးနဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ လေယာဉ်နဲ့ ပစ်တယ်။ ဒရုန်းနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ပြီးတော့ မြေပြင်လည်း ထိုးတာ လုပ်တယ်။ အမြောက်တပ် ခဏရှောင်လိုက်ရတယ်လို့ ပြောတယ်။ အတိအကျတော့ မသိဘူး။” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒါ့အပြင် ဗန်းမော် လေယာဉ်ကွင်းဘက်လည်း စစ်ကော်မရှင်တပ်ဘက်က နီးကပ်တဲ့နေရာ ရောက်လာပြီလို့ သိရပြီး အမတ ၃၆၆ ဘက် စစ်ကော်မရှင်တပ်သားတွေ ရောက်ရှိပြီး စခန်းချ နေထိုင်တာ ရှိ/မရှိကိုတော့ မသိရှိရဘူးလို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က နည်းပညာစစ်ဆင်ရေး စတင်အသုံးပြုလာတာ ဖြစ်ပြီး ဒရုန်းတွေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဩဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းလောက်မှာ KIAကနေ သိမ်းပိုက်ရယူထားတဲ့ အမတ ၃၆၆ တပ်ကို လက်လွှတ်လိုက်ရတာ ဖြစ်တယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"စစ်ကောင်စီဘက်ကနေ အသေခံဒရုန်းနဲ့ နေ့တိုင်းကြဲနေတော့ KIA ဘက်က စစ်ရေးဗျူဟာအရ ဆုတ်ခွာပေးထားတဲ့သဘောလို့ မြင်ပါတယ်။ အဓိကတော့ စကစဘက်ကနေ နည်းပညာစစ်ဆင်ရေး စတင်လာတာ တွေ့နေရပါတယ်။" လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်းက KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ကနေ စကခ ၂၁ တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန် အမြောက်တပ် အမတ ၃၆၆၊ ခလရ ၂၃၆၊ ကန်တော် စာသင်ကျောင်းမှာ တပ်စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုပါ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီရဲ့ အမြောက်တပ် ၃၆၆ ကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ပထမအပတ်က ဗန်းမော်မြို့ကို စစ်ကောင်စီရဲ့ လက်နက်နဲ့ ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောရောက်ရှိလာတဲ့နောက်ပိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပြီးတော့ အမတ ၃၆၆ ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဗန်းမော်မြို့လေဆိပ်ရဲ့ ‌လေယာဉ်ပြေးလမ်းကြောင်းမှာ နှစ်ဖက်တပ်ကနေ တစ်ဖက် တစ်ခြမ်းစီ နေရာယူထားပြီး စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်တယ်လို့လည်း အထက်ပါ သတင်းအရင်းအမြစ်က ဆက်လက်ဆိုပါတယ်။

“လေယာဉ်ကွင်းရဲ့ တစ်ဖက်ခြမ်းမှာတော့ စစ်တပ်တွေ(စစ်ကော်မရှင်) ပစ်နေတယ်။ နောက်တစ်ဖက်မှာတော့ KIA တွေ နေရာယူထားပြီး ဟိုဘက်ခြမ်း ဒီဘက်ခြမ်း အဲဒီလို အခြေအနေပါ” လို့ ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်တွေကနေ မနှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၈ လကျော်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...