စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်ပြည်သူကို အကျိုးမပြုကြောင်း AA ပြော

စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်ပြည်သူကို အကျိုးမပြုကြောင်း AA ပြော

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် ရခိုင်ပြည်သူများအတွက် အကျိုးမရှိကြောင်းနှင့် ပြသူများကလည်း ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း အာရက္ခတပ်တော် (AA) က ပြောဆိုလိုက်သည်။

ယနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် ပြုလုပ်သည့် ၁၀ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရ ဦးခိုင်သုခက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက်ခံမှု မရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေဖို့လို့ မြင်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဆန်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောဆိုထားသည်။

စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်သူ ကိုယ်စားပြုပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားပြီး ယင်းပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)၊ ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP)နှင့် တို့ဖြစ်သည်။

“ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက် လုပ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးပြုခဲ့ကြတာ မရှိဘူး။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တစ်ယောက်မှလည်း စိတ်မဝင်စားဆိုတာ သေချာပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို AA က ထိန်းချုပ်ထားပြီး လက်ကျန် ၃ မြို့နယ်ထဲက စစ်တွေနှင့် ကျောက်ဖြူတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကာ မာန်အောင်မြို့နယ်တစ်ခုတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲ ရခိုင်က မြို့နယ်သုံးခုတွင် ရွေးကောက်ပွဲပြုလုပ်လျှင်လည်း တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာနိုင်ခြေမရှိကြောင်း ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“အဲဒီ ၃ မြို့နယ်က ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အကြောက်တရားနဲ့ ပြည်သူကို မဲထည့်ခိုင်းမယ်။ သူတို့ ပါတီဝင်တွေ၊ တပ်မတော်သားတွေ၊ စစ်သားတွေပဲ မဲထည့်မယ်ဆိုတော့ ဘယ်လိုမှ တရားမျှတ၊ မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ အကုန်လုံး သိနိုင်ပါတယ်” ဟု ဦးဖေသန်းက ဆိုသည်။

စစ်ကောင်စီသည် အာဏာကို ဆက်လက်ဆုတ်ကိုင်ရန် ရွေးကောက်ပွဲကို ဟန်ပြကျင်းပခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ကြသည့် ပါတီများမှာ ပြည်သူကို ကိုယ်စားပြုသူများ မဟုတ်ဘဲ စစ်ကောင်စီထံမှ အကျိုးစီးပွား မျှော်ကိုးသူများသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် “ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ထုတ်ပြန်ထားပြီး ထိုဥပဒေတွင် ရွေးကောက်ပွဲအား ပျက်ပြားရန် ဟောပြောခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်းနှင့် စာရေးသားဖြန့်ချိခြင်း မလုပ်ရဟု တားမြစ်ထားကာ ဖောက်ဖျက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၃ နှစ်မှ ၇နှစ်အထိချမှတ်နိုင်ကာ လူသေဆုံးမှုအထိ ဖြစ်ပွားလျှင် သေဒဏ်ချမှတ်မည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...