ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ

ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) က တစ်အိမ်လျှင် ငွေကျပ် ၅ သိန်းစီ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတုတ်ကျေးရွာသို့ ထိမှန်ခဲ့ပြီး ၎င်းဒေသခံများသည် နီးစပ်ရာ ကျေးရွာနှင့် ပင်လောင်းမြို့နယ် နောင်တရားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်မှုနှင့် စစ်ကောင်စီတပ်ဘက်မှ တဖက်သက် လက်နက်ကြီးပစ်ခတ်မှု မရှိတော့သဖြင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် နန်းတုတ်ကျေးရွာ ဒေသခံများ နေရပ်သို့ ပြန်နေကြသည်။

ထို့နောက် PNO က နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးရန် လာရောက် အကြောင်းကြားကြောင်း၊ နေရပ်ပြန်ရာတွင်လည်း တစ်ကြိမ်လျှင် အယောက် ၅၀ စီသာ ပြန်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နန်းတုတ်ရွာကို ပြန်ရင် လူ ၅၀ စီ ခွဲပြန်ရတယ်။ ၅၀ ပြန်ရင် တစ်အိမ်ကို ၅ သိန်း ထည့်ရမယ်၊ တချို့က ၇ သိန်း ထည့်ရတယ်။ တစ်ရွာလုံးကို ကျပ်သိန်း ၈၀၀ ကျသွားတယ်။ PNO ကို ထောက်ပံ့ပေးရမယ့် ပုံစံပဲ။

စစ်မှုထမ်းလည်း အလှည့်နဲ့ သွားပေးရမယ်လို့ ပြောတယ်”ဟု နန်းတုတ်ကျေးရွာ ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နေရပ်ပြန်သွားသူများ၏ စိုက်ပျိုးရေးလုပ်ခွင့်ကို PNO က ကန့်သတ်ထားပြီး အလုပ်ထွက် လုပ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“အလုပ်က ထွက်လုပ်လို့ မရရင် ဘယ်လို ပိုက်ဆံပေးရမှာလဲ၊ ကျနော်တို့မှာ စားဖို့တောင် အနိုင်နိုင် ရှာစားလို့လည်း မရဘူး။ PNO အဖွဲ့ ချုပ်ကိုင်ထားတာ။ သူတို့ အုပ်ချုပ်မှုအတိုင်း လုပ်ရင်တော့ မဲစာရင်းပါ ပေးရမှာပေါ့”ဟု ၎င်းအမျိုးသားက ဆိုသည်။

နန်းတုတ်ကျေးရွာသည် ပင်လောင်းမြို့နှင့် မိုင် ၂၂ မိုင်ခန့် ကွာဝေးပြီး၊ အင်းလေးဒေသနှင့် ၁၈ မိုင်ကျော် ကွာဝေးသည်။

အလားတူ အင်းလေးဒေသ နန်းပန်ကျေးရွာတွင် စစ်ဘေးရှောင်လာသော ဘုရားတောင်ကျေးရွာ ဒေသခံများကိုလည်း PNO က နေရပ်ပြန်ခိုင်းပြီး တစ်အိမ်လျှင် ကျပ်ငွေ ၅ သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် စစ်မှုထမ်းအလှည့်ကျ လုပ်ဆောင်ရမည်ဟု လည်း PNO က ပြောဆိုခဲ့ကြောင်း နန်းပန်ကျေးရွာရောက် အသက် ၄၀ အရွယ်ရှိ စစ်ဘေးရှောင် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရွာပြန်မယ်ဆိုရင် တစ်အိမ်ကို ကျပ် ၅ သိန်းပေးရမယ်။ ၂၅ ယောက် အလှည့်ကျ စစ်မှုထမ်းရမယ်။ စစ်မှုထမ်းရမယ်ဆိုတော့ မပြန်ကြတော့ဘူး။ ကျနော်တော့ ကလေးတွေနဲ့မလို့ မပြန်တော့ဘူး။ ပြန်လည်း အိမ်က ပစ္စည်းတွေကို သူတို့က အကုန်သယ်ပြီးပြီဆိုတော့ ဘာမှ ကျန်မှာလည်း မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာ၊ အင်းလေးဒေသ ဘုရားတောင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ညောင်လေးပင်ကျေးရွာတို့တွင်လည်း PNO မှ နေရပ်ပြန်ခိုင်းကာ ပိုက်ဆံကောက်နေပြီး စစ်မှုထမ်းရန်အတွက် တစ်လလျှင် ငွေကျပ် တစ်သောင်းခွဲ ထည့်ရကြောင်းနှင့် ငွေထည့်နေရသည်မှာ ၈ လကြာနေပြီဟု ဒေသခံ များထံမှ သိရသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...