သျှမ်းပြည်နေရာအနှံ့တွင် ရေကြီး၊ နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီး

သျှမ်းပြည်နေရာအနှံ့တွင် ရေကြီး၊ နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီး

ဝီဖာမုန်တိုင်း၏ ရိုက်ခတ်မှု အရှိန်ကြောင့် သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညနေပိုင်းက လင်းခေးမြို့ရှိ နမ့်တိန်းချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ လူနေအိမ်နှင့် ရပ်ကွက်များတွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ ယာယီပြောင်းရွှေ့ရကြောင်း လင်းခေးမြို့ဒေသခံ အသက် (၃၀) နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ချောင်းဘေးမှာ ရှိတဲ့နှမ်းစိုက်ခင်းတွေ ရေလွှမ်းသွားပြီ။ ပြီးတော့ ချောင်းဘေးမှာရှိတဲ့ အိမ်တွေလည်း ရေဝင်တယ်။ ပစ္စည်းတွေရော၊ လူတွေရော အကုန်ပြောင်းရွှေ့ထားရတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့တွင် နမ့်တိန်းချောင်းရေလျှံမှုကြောင့် လင်းခေးမြို့ပေါ်ရှိ ဝမ်လုံရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ ဝမ်မပျဉ်းရပ်ကွက်၊ ပင်ထနောင်းရပ်ကွက်နှင့် ပင်ဝေါင်ရပ်ကွက်တွင် ရေကြီးမှုဒဏ် ခံခဲ့ရသည်။

ထို့ပြင် လင်းခေးမြို့နယ် တင်းကွန့်ရွာ၊ ပူးကမ်ရွာ၊ နမ့်အွန်ရွာ၊ ဟိုနားရွာ၊ ဟွေဟေးရွာ၊ ဝမ်ကွန်ရွာနှင့် ဝမ်ဟတ်တိုက်နယ် နားကုန်းရွာတွင်လည်း ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

သို့သော် ယနေ့ ဇူလိုင် ၂၄ ရက်ထိ နမ့်တိန်းချောင်းရေ အနည်းငယ် ပြန်ကျသွားပြီဖြစ်ကြောင်း လင်းခေးမြို့ ဒေသခံများက ပြောသည်။

အလားတူ လဲချားမြို့နယ်အတွင်း နမ့်တိန်းချောင်းရေလျှံမှုကြောင့် လယ်ယာစိုက်ခင်းများ ရေနစ်မြုပ်ခဲ့ကြောင်း လဲချားမြို့ဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီတစ်ခေါက် ရေကြီးတာက အရင်တစ်ခေါက်ထက် ၂ ပေလောက်ကျော်တယ်။ ချောင်းဘေးတစ်လျှောက်မှာ ရှိတဲ့ လယ်ခင်းတွေ အကုန်လုံးမြုပ်တယ်၊ မစိုက်ရသေးတဲ့ ပျိုးခင်းတွေလည်း အကုန်မျောပါသွားတယ်” ဟု ၎င်းက ပြောသည်။

လဲချားမြို့အပါအဝင် နောင်ပန်၊ နောင်မိန်း၊ နောင်လုံ၊ ဟိုဖိုင် စသည့် နမ့်တိန်းချောင်းဘေး တစ်လျှောက်ရှိ စိုက်ခင်းများလည်း ရေကြီးနစ်မြုပ်ခဲ့သည်။

ထို့အတူ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...