နောင်ချိုစစ်ကောင်စီတပ် ဂုတ်ထိပ်တဖက်ကမ်း ဒရုန်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ယောက် သေဆုံး

နောင်ချိုစစ်ကောင်စီတပ် ဂုတ်ထိပ်တဖက်ကမ်း ဒရုန်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ယောက် သေဆုံး

သျှမ်းပြည် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းသို့ လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်သားအမိ နှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၀ ရက်) နေ့လယ်ပိုင်းတွင် နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ သပြေရေရပ်ကွက်မှ နောင်ပြစ်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်သားအမိနှစ်ဦးကို ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီး ၉ လုံး ပစ်လာတာ ရွာထဲ ၇ လုံးကျကွဲတယ်၊ အိမ်တွေလည်း အများကြီးထိတယ်။ သပြေရေဘက်ကနေ စစ်ဘေးရှောင်လာတဲ့ သားအမိနှစ်ယောက်ကို မှန်တာ၊ သူ့သမီးလည်း ကလေးပဲ ရှိသေးတယ်။ ကလေးက လည်ပင်းပြတ်သွားတယ်၊ ကားတွေလည်း ထိတယ်”ဟု အသက် ၂၇ နှစ်ခန့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုစစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသူမှာ နောင်ချိုမြို့ သပြေရေရပ်ကွက်နေ အသက်(၃၅) နှစ်အရွယ် မစိုးစိုးခိုင်နှင့် သမီးဖြစ်သူ အသက် (၉) နှစ်အရွယ် နန်းရွှေစင်လင်းတို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းကို နောင်ပိန်သုဿာန်တွင် မီးသင်္ဂြုဟ်ပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ဇူလိုင်လ ၁၆ ရက်တွင် ကြေညာခဲ့ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နောင်ပြစ်၊ ကျောင်းကုန်း၊ ခဲလုံ၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန် စသည့် ကျေးရွာများမှာ စစ်ဘေးထပ်မံတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ဒရုန်းနဲ့ ဗုံးလာမကြဲတော့ဘူးဆိုပြီး ရှေ့နှစ်ရက်က ရွာသားတွေ အိမ်ပြန်ကြတာ၊ အဲ့တာနဲ့ လက်နက်ကြီးကျလို့ အခု ပြန်ထွက်ပြေးနေရတယ်။ ဒရုန်းနဲ့ အရင်လာပြီး ကင်းထောက်လုပ်ပြီးမှ ရွာထဲကို တမင်ပစ်လာတာ။ ရွာထဲတော်တော်များများထိတယ် သွားမကြည့်ရဲဘူး၊ အသံကြားတာနဲ့ ထွက်ပြေးဖို့ပဲ သိတော့တယ်”ဟု နောင်ပိန်ရောက် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားကြီးလည်း ဗုံးခွဲဖျက်စီးခံထားရခြင်းကြောင့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရသော်လည်း မကြာမီ နောင်ချိုစစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းများ ချီတက်လာပြီး ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...