သီပေါမြို့ပေါ် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

သီပေါမြို့ပေါ် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်၊ သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်) ည ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တုံဆင့်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းဟောင်း ခလရ-(၂၃) အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ကြဲတာ တုံစင့်ဘက်ကျတယ်။ အဲ့ဘက်က ခလရ-၂၃ နဲ့လည်း နီးတယ်။ ထိခိုက်တာတော့ မကြားဘူး။ တချို့လည်း ဆွတ်လန်းဘက် လာနေကြတယ်လို့ ပြောတယ်။ တချို့လည်း တံတားကြီး ဟိုဘက် ကိုးကန့်ထိန်းတဲ့နေရာတွေ ရှောင်နေကြတယ်။ ဗုံးကြဲခံရလို့ ကြောက်ပြီးထွက်ပြေးကြတော့ မြို့ထဲလည်း ခြောက်ကပ်သွားပြီ” ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ ၁၉ ရက် ညသန်းခေါင်အချိန်တွင်လည်း TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ပေါ် ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၃) လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမက(၁)ကျောင်းမှ စာသင်ဆောင်များ ဗုံးစထိမှန် ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် သီပေါမြို့ပေါ် ပြည်သူလူထု တည်ရှိရာကို ဦးတည်၍ ဇူလိုင်လ ၄ ရက်မှ ၂၀ ရက်အထိ သုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သား (၂) ဦး သေဆုံးကာ (၅) ဦး ဒဏ်ရာရရှိပြီး ပြည်သူနေအိမ် (၁၃) လုံး၊ အဆောက်အဦး (၆) လုံး ထိခိုက်ပျက်စီးရကြောင်း TNLA ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် သီပေါမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံများမှာ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အနီးဆုံးရှိ နမ့်လန်မြို့သို့လည်းကောင်း၊ သီပေါတံတားကြီး တစ်ဘက်ကမ်းရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဆွတ်လန်း၊ ကုန်းသာ စသည့် ကျေးရွာများဘက်သို့လည်းကောင်း သွားရောက်ခိုလှုံနေရပြီး အကူအညီများ လိုအပ်ကြသည်ဟု ဒေသခံများက ပြောသည်

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...