မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီး ၃ ဦးအပါ ဒေသခံ ၉ ဦး ထက်မနည်းကို ဖမ်းဆီးထား

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီး ၃ ဦးအပါ ဒေသခံ ၉ ဦး ထက်မနည်းကို ဖမ်းဆီးထား

ပဲခူးတိုင်း၊ မင်းလှမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် အမျိုးသမီး သုံးဦး အပါအဝင် ဒေသခံ ကိုးဦးကို ဖမ်းဆီးထားကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှ စ၍ မင်းလှနယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာပေါင်း ၁၀ ရွာ ထက်မနည်းကို မီးရှို့ ဖျက်စီးထားပြီး ဒေသခံများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့အုပ်စု၊ ညောင်ပင်သာရွာထဲ ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူများကို စာသင်ကျောင်းတွင် စုဝေးစေပြီးနောက် နေအိမ်များရှိ တန်းဖိုးရှိ ပစ္စည်းများကို ယူဆောင်ကာ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သုံးဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်လေးဦးမှာ ဇူလိုင်လ ၂၁ ရက်နေ့ (ယနေ့) အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများမှာ ကိုမိုးဒီ၊ ကိုညီညီမိုးခန့်၊ ကိုဖိုးကုလားနှင့် ကိုဝင်းထွဠ်နောင်တို့ ဖြစ်ကြောင်း မင်းလှမြို့နယ်ပကဖအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ယင်းအပြင် ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းကလည်း မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ငလှစမ်းက စစ်ရှောင်များထဲမှ နေအိမ်ကို ပြန်၍ ပစ္စည်းများအား ကားဖြင့် တင်ဆောင်လာသည့် ကိုမင်းဇော်နှင့် ကိုစန်းမင်းအောင်တို့ နှစ်ဦးကိုလည်း ဖမ်းဆီးသွားရာ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း မင်းလှမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

“သူတို့နှစ်ယောက်ကျ ကားပေါ်မှာ ဘီယာပုလင်းတွေ တွေ့လို့ဆိုပြီး ဖမ်းထားတာ။ ခုထိ ပြန်မလွတ်ပေးဘူး။  ခွင့်ပြုချက်မရှိဘဲ ဘီယာတွေသယ်လို့ဖမ်းတာတဲ့” ဟု ၎င်းက ယနေ့တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင်လည်း မင်းလှမြို့ပေါ်မှာ စစ်ရှောင်နေသည့်၊ စမ်းဘုတ်ရွာဒေသခံ မအိန္ဒြေသူနှင့် အဒေါ်ဖြစ်သူ ဒေါ်ပိန်သေးတို့ နှစ်ဦးအား မင်းလှလဝကရုံး၌ မှတ်ပုံတင်လုပ်၍ ရုံးမှ အထွက်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ပြီးနောက် မအိန္ဒြေသူကို ခေါ်ကာ ၎င်း၏အမေဖြစ်သူ မထွေးအား လက်ပံတန်းမြို့ပေါ်ရှိ နေအိမ်တခုတွင် စစ်ကောင်စီတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့အထိ မင်းလှမြို့နယ်၊ အရှေ့ခြမ်းရှိ ဂန့်ဂေါ်ပင်ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများတွင် တပ်ဖြန့်ထားပြီး အင်အား ၅၀၀ ခန့် အထိ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၉ ရက်နေ့မှ စတင်ကာ မင်းလှနယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ အချိန်တလနီးပါး ရှိလာနေပြီဖြစ်၍ စစ်ဘေးရှောင်ပြည်သူများမှာလည်း စားဝတ် နေရေး အခက်အခဲများ ရှိလာနေကြောင် စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက ပြောသည်။

“ငွေကြေးတတ်နိုင်သူအများစု မင်းလှမြို့ပေါ် စစ်ရှောင်ကြတာ။ မတတ်နိုင်လို့ ရိုးမထဲ တိမ်းရှောင်ကြရတဲ့ သူတွေမှာ အမိုးအကာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များ တည်ရှိရာ မင်းလှမြို့နယ် ခါချဉ်တောင်စခန်းကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြာ သေဆုံးကြောင်း သာယာ၀တီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် မင်လှနယ် အရှေ့ခြမ်းရှိ ကျွဲမကိုင်း၊ ရွေးကုန်း၊ စမ်းဘုတ်၊ ကျွန်း ကုန်း၊ ဆားချောင်း(အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင် စသည့် ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၄၀ လောက် က ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...