ဝေါ်လေဗျူဟာတိုက်ပွဲ ပြင်းထန်လာ၍ ဒေသခံ တစ်ထောင်ဝန်းကျင် ထိုင်းဘက်သို့ တိမ်းရှောင်

ဝေါ်လေဗျူဟာတိုက်ပွဲ ပြင်းထန်လာ၍ ဒေသခံ တစ်ထောင်ဝန်းကျင် ထိုင်းဘက်သို့ တိမ်းရှောင်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) မြဝတီမြို့၏ တောင်ဘက်ခြမ်းရှိ ဝေါ်လေမြိုင်မြို့သစ်ရှိ စစ်ကောင်စီ ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲ ပြင်းထန်လာ၍ ဒေသခံ ပြည်သူ တစ်ထောင်ဝန်းကျင်ခန့် တစ်ဖက်ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်ခိုလှုံ နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါစခန်းကို ဇူလိုင် ၃ ရက်နေ့ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုတိုက်ပွဲ ပြင်းထန်လာ၍ ဒေသခံများ ယခုလို တိမ်းရှောင်ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ယခုလို ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ပြည်သူများသည် နီးစပ်ရာ အသိမိတ်ဆွေနေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဂိုဒေါင်နေရာများ၌ သွားရောက်ခိုလှုံနေကြရသည်ဟု ကျေးရွာ ကရင့်ကျမ်းမာရေးလုပ်သား တစ်ဦးက ယခုလို ပြောသည်။

“ဝေါလေရပ်ကွက်နဲ့ ထီးသဲလယ်၊ ဂျပန်အိမ်ယာ ဘက်ကလူတွေက ထိုင်းဘက် ဝေါ်လေကျောင်းကြီး၊ ဘုန်းကြီး ကျောင်းမှာ အယောက် ၄၀၀ လောက်ရှိတယ်။ မိုးကရွာနေတော့ တစ်ခြားရှမ်းတောင်ယာဘက်မှာ နည်းနည်းစီ ရှောင်လာကြတယ်။ အားလုံးပေါင်း တစ်ထောင်ဝန်းကျင်လောက် ရှိတယ်။ တချို့ကလဲ ကမ်းနားဂိုဒေါင်တွေမှာ နေနေကြတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိကာလတွင် ဒေသအတွင်းရှိ ပြောင်းခင်းများကို ဆေးဖြန်း၊ မြေဩဇာ ထည့်ရမည့်အချိန် ရောက် သော်လည်း တိုက်ပွဲကြောင့် စိုက်ခင်းထဲကို မဆင်းရဲကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီကလည်း ဇူလိုင် ၁၃ ရက်နေ့တွင် ထီးသဲလယ် စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက် မှုပြုလုပ်ခဲ့ရာ ဒေသခံတို့ လေကြောင်းရန် သတိထားနေရကြောင်း သိရသည်။

ထိုဒေသအတွင်းရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက် ချိန်တွင်လည်း ဥကရစ်ထ၊ ဝါးမီထနှင့် သေ့ဘောဘိုးကျေးရွာရှိ ဒေသခံလူထုများသည် အလားတူတစ်ဖက် ထိုင်းနိုင်ငံဘက်သို့ သွားရောက်တိမ်းရှောင်ခဲ့ဘူးသည်။ ထိုစခန်းကို တော်လှန်ရေးတပ်များက ဇူလိုင် ၁၂ ရက် နေ့တွင် တိုက်ခိုက်သိန်းပိုက် နိုင်ခဲ့ပြီးနောက် ဒေသခံများ နေရပ်ပြန်လာပြီး ဖြစ်သည်။

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ လက်ကျန်စခန်းဖြစ်သည့် ဝေါ်လေဗျူဟာ စခန်းနှင့် ထီးသဲလယ် ကာကင်း စခန်းကို KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူပြီးပါက ကေအဲန်ယူ၊ တပ်မဟာ(၆)၊ ကော့ကရိတ် နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ တို့သည် စစ်ကောင်စီကင်းစင်ဒေသ ဖြစ်သွားမည် ဖြစ်သည်။

Most read this week

Photo: KNU
February 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ...
February 16, 2026
ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့်...
February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...
Photo: BGF/ PC (ပုံဟောင်း)
February 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊...