ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် ရွှေ့ပြောင်းမြန်မာကျောင်းတခုမှ အသက် ၇၂ နှစ်အရွယ် မြန်မာကျောင်း ဆရာ ဦးဇော်ငြိမ်းလတ်အား ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် မဲဆောက် နယ်မြေရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း ယင်းကိစ္စတွင် ကူညီဆောင်ရွက်ပေးနေသူတဦးထံမှ သိရသည်။
ယမန်နေ့ (ဇူလိုင် ၁၆) တွင် မဲဆောက်ရဲစခန်းက အဆိုပါအမှုကို လက်ခံပြီး စုံစမ်းစစ်ဆေးမှုများ စတင် လုပ်ဆောင်နေပြီးဖြစ်ကြောင်းဆိုသည်။ ကျူးလွန်ခံရသည့် ကျောင်းသားသုံးဦး၏ မိဘများနှင့်အတူ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခံရသည့် ကျောင်းသား ရှစ်ဦး၏ ထွက်ဆိုချက်များနှင့်အတူ ရွှေ့ပြောင်းဒေသပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန (MECC) သို့ ဆက်လက်တိုင်ကြားရန် လုပ်ဆောင်နေကြောင်း ကူညီဆောင်ရွက် ပေးနေသူက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ဖော်ပြထားသည်။
စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ‘သွေးသစ်ကျောင်း’တွင် တာဝန် ထမ်းဆောင်နေသော ကျောင်းဆရာတဦးဖြစ်ကြောင်း ကျောင်းသားများနှင့် နီးစပ်သူများထံမှ သိရသည်။
“ကျွန်တော်သိသလောက် ကျောင်းသားတွေ ယောက်ျားလေးတွေချည်းပဲဗျ။ ကျွန်တော့်သူငယ်ချင်းထဲ လုပ်ခံရတဲ့ နှစ်ယောက်ရှိတာ။ တယောက်က သူ့(ဦးဇော်ငြိမ်းလတ်) အခန်းထဲကိုခေါ်ပြီး မုန့်ဖိုးပေးမယ် နှိပ်ပေးပေါ့နော်။ အဲ့ဒါ သူ့အခန်းထဲကိုခေါ်တယ်။ မုန့်ဖိုးပေးတယ်။ ဘတ် ၁,၀၀၀ ပေးပြီးတော့ အဲ့ဒီကိစ္စကို ဘယ်သူ့မှ ပြန်မပြော ခိုင်းဘူးဗျာ။ အဲ့လို အမြဲတမ်း အဲ့လို လုပ်ခံနေရတဲ့ ကျောင်းသားထဲမှာ ကျွန်တော့်ဘော်ဒါတယောက်ရှိတယ်။ သူကတော့ လုပ်ခံရတယ်၊ နောက်တယောက်ကကျတော့ သူ့ကို အဲ့လိုလုပ်ခိုင်းဖို့ ဘတ် ၁,၀၀၀ ပေးတယ်။ သူက ကျတော့ အဲ့ဒီဘတ် ၁,၀၀၀ ယူခဲ့ပြီး မနှိပ်ပေးဘဲနဲ့ သူ့အခန်းထဲကို ခေါ်တဲ့ချိန်မှာ အဲ့ကောင်က တခါတည်း ကျောင်းကနေ ထွက်ပြေးလာတယ်” ဟု သွေးသစ်ကျောင်းတွင် တက်ရောက်ခဲ့ဖူးသည့် ကျောင်းသားဟောင်း တဦးက မဇ္ဈိမသို့ ပြောသည်။
ဦးဇော်ငြိမ်းလတ်က ဘတ် ၁,၀၀၀ ဖြင့် အာသာဖြေပေးရန် ခိုင်းစေခဲ့သည့် ဖြစ်စဉ်တခုမှာ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့ပြီး၊ နောက်ထပ်တဦးမှာ ၂၀၂၂ ခုနှစ်တွင် ကျူးလွန်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ဦးဇော်ငြိမ်းလတ်သည် ကျောင်းသား ၁၀ ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း ဦးဇော်ငြိမ်းလတ်၏ လိင်အမြတ်ထုတ်မှု ခံခဲ့ရသည့် ကျောင်းသားတဦး၏ မိဘက “အဖေတယောက်အနေနဲ့ ဒီလိုကိစ္စကြောင့် အရမ်းခံပြင်းရပါတယ်။ အဲဒီအချိန်တုန်းက ကလေးတွေက အထောက်အပံ့မရှိတဲ့ အခြေအနေမှာ ရှိနေတယ်။ ကျွန်တော်တို့လည်း အဝေးမှာဆိုတော့ သူ့ကို အရေးယူပေးဖို့ မလုပ်နိုင်ခဲ့ဘူး ။ ဒါကို သူက အခွင့်ကောင်းယူခဲ့တာ။ ကျွန်တော်တို့ သိပြီး အရေးယူဖို့ ကြိုးစားတဲ့အခါ အခက်အခဲတွေနဲ့ ရင် ဆိုင်ခဲ့ရတယ်။ နောက်ဆုံး ကလေးကိုပဲ ကျောင်းကနေ ဆွဲထုတ်လာခဲ့ရတယ်။ အခုမှ ဒီအမှုကို အရေးယူတဲ့အဆင့်ရောက် လာတာကို ဝမ်းသာပါတယ်။ ကျွန်တော့်ကလေးအတွက်ရော၊ တခြားကလေးတွေအတွက်ရော ဝမ်းသာတယ်။ လိုအပ်ရင် တတ်နိုင်သလောက် ကူညီပေးပါမယ်” ဟု မဇ္ဈိမသို့ ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ဦးဇော်ငြိမ်းလတ်သည် စစ်ဘေးရှောင်၊ မိဘမဲ့ သို့မဟုတ် မိဘများ အဝေးရောက်နေသည့် အသက် ၁၅ နှစ်မှ ၁၆ နှစ်အရွယ် ကျောင်းသား နောက်ထပ် ငါးဦးကိုလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြောင်း သိရသည်။
ဦးဇော်ငြိမ်းလတ်၏ လိင်အမြတ်ထုတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ကျောင်းသားတဦးမှာ စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်မှုကြောင့် တိုင်ပင်ဆွေးနွေးမှု (Counselling) နှစ်ကြိမ် ခံယူခဲ့ရပြီး လက်ရှိအချိန်ထိ ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်ပြောချင်စိတ်မရှိဘဲ စိတ်ထိခိုက်နေဆဲဖြစ်ကြောင်း ၎င်း၏ မိဘက ပြောသည်။
ယင်းဖြစ်စဉ်များကြောင့် ဦးဇော်ငြိမ်းလတ်ကို သွေးသစ်ကျောင်းမှ ဇူလိုင် ၆ ရက်နေ့တွင် ထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း ကျောင်းဘက်က ဇူလိုင် ၁၆ ရက် ညပိုင်းတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
သို့သော် အမှုကိစ္စများ မပျံ့နှံ့မီ ဇူလိုင် ၁၄ ရက်နေ့အထိ ၎င်းအား ကျောင်းတွင် တွေ့မြင်ခဲ့ရပြီး ထိုနောက်ပိုင်းတွင်မှ ကျောင်းသို့ မလာတော့ကြောင်း မဇ္ဈိမ၏ စုံစမ်းမှုအရ သိရသည်။ ထို့ပြင် သွေးသစ်ကျောင်းမှ ထုတ်ပြန်ချက်တွင် အမှုကိစ္စများနှင့် ပတ်သက်၍ ဦးဇော်ငြိမ်းလတ်ထံ တိုက်ရိုက်ဆက်သွယ်ရန်သာ ဖော်ပြထားပြီး၊ ကျောင်းဘက်မှ တာဝန်ယူမှုမရှိဟုဆိုကာ ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
“မနေ့က သူတို့ကျောင်းက စာထုတ်ထားတာကို ဖတ်ကြည့်၊ မိဘတွေ နစ်နာတဲ့ကလေးတွေကို တောင်းပန် ထားတာ တခုမှမပါဘူး။ မပါတဲ့အပြင် ဒီကိစ္စက ကျောင်းနဲ့မဆိုင်ပါဘူးဆိုပြီး ပုပ်ချသွားတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။
ဦးဇော်ငြိမ်းလတ်၏ ရာထူးအဆင့်ကို ကျောင်းဘက်က တရားဝင်ထုတ်ဖော်မပြောသော်လည်း၊ ၎င်းသည် ဒုကျောင်းအုပ်အဆင့်ရှိကြောင်း ကျောင်းသားများထံမှ သိရသည်။
မဇ္ဈိမသည် ယင်းကိစ္စနှင့်ပတ်သက်၍ သွေးသစ်ကျောင်း ဒါရိုက်တာ ဦးဇော်လွင်ဦးနှင့် ဦးဇော်ငြိမ်းလတ်တို့ထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ဦးဇော်ငြိမ်းလတ်က ၎င်း၏ လူမှုကွန်ရက်တွင် ဇူလိုင် ၇ ရက်နေ့က ရေးသားချက်တွင် ယခုစွပ်စွဲချက်များမှာ မှန်ကန်မှု ရှိမရှိကို မငြင်းဆိုလိုကြောင်း၊ ကာယကံရှင်များအနေဖြင့် ၎င်းထံသို့ တိုက်ရိုက်လာရောက် တွေ့ဆုံ ဆွေးနွေးရန် ဖော်ပြထားသည်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ်သည် ၁၉၇၄-၁၉၇၅ ခုနှစ် ကျောင်းသားအရေးခင်း
တွင် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် မရမ်းကုန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။







