ကျုံဒိုးတိုက်ပွဲတွင် DKBA ခွဲထွက်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးကျော်ဒဏ်ရာရ၊ ဗိုလ်ဘိ သတင်းအတည်ပြုနေ

ကျုံဒိုးတိုက်ပွဲတွင် DKBA ခွဲထွက်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးကျော်ဒဏ်ရာရ၊ ဗိုလ်ဘိ သတင်းအတည်ပြုနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးနယ်အတွင်း ယမန်နေ့ ဇူလိုင်လ ၁၅ ရက်က ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်စဉ်တွင် ဗိုလ်ဘိဦးစီးသည့် DKBA ခွဲထွက်အဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။

ကျုံဒိုး-ကော့ကရိတ်လမ်း ပြန်စိုးမိုးရန် ကျုံဒိုး စစ်ကောင်စီ (ခမရ ၅၄၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့နှင့်အတူ စစ်ကြောင်းထွက်ထိုး တိုက်ခိုက်စဉ် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။  

ယခုလို သေဆုံးထိခိုက် ဒဏ်ရာရရှိသူများထဲ၌ DKBA ခွဲထွက်အဖွဲ့ကို ဦးဆောင်သူ ဗိုလ်ဘိ ပါဝင်သည်ဟု ယမန်နေ့ ညနေပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်ပေါ်နေပြီး ထိုသတင်းကို ကေအိုင်စီက အတည်ပြုနေဆဲ ဖြစ်သည်။

အဆိုပါ စစ်ကောင်စီနှင့် ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်းကို စစ်ကောင်စီက Y12 ဂျက်လေယာဉ်ဖြင့် ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗုံးကြဲ ပစ်ကူပေးချိန် မှားယွင်းဗုံးကြဲမိ၍ သေဆုံးသွားသည်ဟု တော်လှန်ရေးပူးပေါင်းတပ် မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယခုလို ပြောသည်။

“မနက်ပိုင်း တုန်းက ၅၄၆ တပ်က စစ်ကြောင်း နွားခြံကုန်းဘက်ကပ်လာတယ်။ ၅၄၆ က လက်နက်ကြီးပစ်ကူ ပေးတယ်။ အဲ့အချိန်မှာ သူတို့ လေကြောင်းခေါ်တဲ့အချိန် တော်လှန်ရေးတပ်က တပ်ဖျောက်လိုက်တယ်။ သူတို့ နွားခြံကုန်းဂွင်ထဲ ရောက်လာချိန် လေယာဉ်ဗုံးလာကြဲတော့ စကစတွေရော၊ ဗိုလ်ဘိ DKBA ဘက်က လူတွေရော ၁၀ ယောက်လောက်သေတယ်။ ၃၀ ဝန်းကျင်ထိခိုက် သွားတယ်။ ပြီးတော့ ပြန်ဆုတ်သွားတယ် ၅၄၆ ထဲကို” ဟု ၎င်း သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့ တိုက်ပွဲတွင် ခွဲထွက် DKBA နှင့် စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များက လက်နက်ကြီးဖြစ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်ဘိ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဖားအံ တောင်ကလေး စစ်ကောင်စီ စစ်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၁၀ ရက်မှ ၁၅ ရက်အတွင်း စစ်ကောင်စီနှင့် ခွဲထွက် DKBA ပူးပေါင်းစစ်ကြောင်းတို့  အုန်း တစ်ပင်ရွာ၊ အင်းကြီးရွာဘက် တိုက်ပွဲအတွင်း စစ်ကြောင်းအရာရှိများ၊ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသွားသူ များကို ဂျိုင်းမြစ်တစ်ဘက်ကမ်း၊ ဂျိုင်းရွာကြီး သုသာန်သို့ သယ်ယူသင်္ဂြိုဟ် နေသည်ဟု အခြေအနေကို သိသူ သတင်းရင်းမြစ်က ပြောသည်။

“၁၂ ရက်နေ့က ၅၄၆ တပ်က အရာရှိကျတယ်၊ ဗိုလ်ဘိ လူတွေလည်းကျတယ်၊ အုန်းတစ်ပင်ဘက်မှာရော၊ နွားခြံ ကုန်းဘက်တိုက်ပွဲရောပေါ့၊ အလောင်းတွေကို ပြန်သယ်ပြီး ဂျိုင်းရွာကြီးသုသာန်မှာ မြေမြှုပ်တယ်။ ရွာအုပ်ကြီးတွေ ဝိုင်းကူလုပ်ပေးရတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

လတ်တလောတွင် ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်စိုးမိုးရန် စစ်ကောင်စီက DKBA ခွဲထွက် ဗိုလ်ဘိတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော်ဖြင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းထိုး တိုက်ခိုက်နေပြီး ရှေ့မတိုးနိုင် ဖြစ်နေသေး သည်ဟု သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...