ရခိုင်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးသည့်လယ်ဧက ယခင်နှစ်များထက် ထက်ဝက်ကျော်ခန့်ကျဆင်းသွား

ရခိုင်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးသည့်လယ်ဧက ယခင်နှစ်များထက် ထက်ဝက်ကျော်ခန့်ကျဆင်းသွား

ရခိုင်ပြည်တွင်ရှိသည့် လယ်ဧကများထဲမှ ယခုနှစ်မိုးစပါးစိုက်ပျိုးနိုင်သည့်လယ်ဧကသည် ယခင်နှစ်များထက် ထက်ဝက်ကျော်ခန့် ကျဆင်းသွားခဲ့သည်ဟု လယ်သမားများမှ သိရသည်။

လယ်ယာထွန်ယက်မှုပြုလုပ်ရန် လောင်စာဆီ (ရေနံဆီ)နှင့် ဓာတ်မြေဩဇာများအပါအဝင် အခြားလိုအပ်သည့် သွင်းအားစုများ ဈေးကြီးမှုတို့ကြောင့် ယခုနှစ်တွင် လယ်သမားအများစုသည် လယ်ယာထွန်ယက် စိုက်ပျိုးနိုင်ခြင်း မရှိဖြစ်နေသည်ဟု မြောက်ဦးမြို့နယ်မှ လယ်သမား ကိုကျော်နိုင်ဝင်းက ပြောသည်။

"စပါးက ဈေးမရဘူး။ မြေဆီမြေဩဇာက ဈေးကြီးတယ်။ အဓိကတော့ လယ်သမားမှာ မြေဆီပါ။ မြေဆီ မကြဲနိုင်ရင် စပါးစိုက်ထားတာ ဘယ်လိုမှ တန်ဖိုးမရှိဘူး" ဟု ပြောသည်။

ရခိုင်ပြည်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း ရေနံဆီတစ်ပေပါလျှင် ကျပ် ၁၇ သိန်းအထိ ဈေးနှုန်းမြင့်တက် နေပြီး လယ်တစ်ဧကလျှင် ထွန်စက်ဖြင့် ထွန်ယက်ခ ကျပ်နှစ်သိန်းခွဲအထိ ပေးဆောင်ရကြောင်း သိရှိရသည်။

ထို့အပြင် ဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်အထိ ရှိနေသည့်အတွက်လည်း လယ်သမား အများစုတွင် လယ်ယာထွန်ယက်စိုက်ပျိုးမှုကို မပြုလုပ်နိုင်ဘဲ မိုးစပါးစိုက်ပျိုးမှုဧက ထက်ဝက်ကျော်ခန့် ကျဆင်းသွားခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးကလည်း ယခုနှစ်တွင် သွင်းအားစုများဈေးနှုန်းမြင့်တက်မှုကြောင့် ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဟု ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးအောင်ကျော်မြကလည်း ယခင်နှစ်များက ရခိုင်တွင် မိုးစပါးစိုက်ပျိုးနိုင်မှုသည် ဧက ၁ဝ သိန်းဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဧက ၅ သိန်းဝန်းကျင် ခန့်သာ စိုက်ပျိုးနိုင်သည်ဟု ပြောသည်။

ရခိုင်ပြည်တွင် မိုးစပါးစိုက်ပျိုးဧက ၁၂ သိန်းခန့်ရှိရာ ယခင်က ဧက ၁၀ သိန်းဝန်းကျင်တွင်သာ မိုးစပါးစိုက်ပျိုး နိုင်ခဲ့ကြသော်လည်း ၂၀၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမှုကြောင့် မိုးစပါးစိုက်ဧကများ တဖြည်းဖြည်းလျော့ကျသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ဓာတ်မြေဩဇာများကို လက်ရှိပေါက်ဈေးထက် ငွေကျပ်တစ်သိန်းခန့်လျှော့၍ ရောင်းချရန် မြို့နယ်အချို့တွင် လယ်သမားများအား စာရင်းကောက်ယူလျက်လည်း ရှိကြောင်း သိရှိရသည်။

ထို့အပြင် မျိုးစပါးလိုအပ်နေသည့် လယ်သမားများအားလည်း အထွက်နှုန်းကောင်းသည့် မျိုးစပါးများကို ဖြန့်ဝေ ပေးမှုများလည်း ရှိခဲ့ကြောင်း ဆိုကြသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များရှိ မြေနိမ့်ပိုင်းများတွင် စိုက်ပျိုးထားသည့် မိုးစပါး လယ်ဧကများမှာလည်း ပျက်စီးခဲ့ရသည်ကြောင်း သိရှိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...