သီပေါမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးထပ်ကြဲ၊ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

သီပေါမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးထပ်ကြဲ၊ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့လယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၄ ရက်) ည ၆ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့လယ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံ၍ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တောင်မြို့ရပ်ရှိ ဧမာနွေလဘုရားကျောင်းရှေ့နှင့် Tai House Resort ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

သီပေါမြို့တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် လေကြောင်းဗုံးကြဲမှုကြောင့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါမိုဘိုင်းဖုန်းဆိုင်၊ နန်းဒေဝီ စားသောက်ဆိုင်၊ တိုင်းဟောက်စ် ဟိုတယ်နှင့် ရွှေလုံးဆံပင်ညှပ်ဆိုင်တို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၂) သေဆုံးကာ (၂) ဦး ဒဏ်ရာပြင်းထန်ကြောင်း သီပေါဒေသခံများက ပြောသည်။

“ဧမာနွေလ ဘုရားကျောင်းရှေ့က နန်းဒေဝီဆိုင်နား ကြဲသွားတာ။ ရွှေလုံးဆံပင်ညှပ်ဆိုင်က တစ်ယောက်ဆုံးတယ်၊ ဒဏ်ရာပြင်းတာလည်းရှိတော့ အထိအခိုက်က အတိအကျ မသိသေးဘူး။ တိုင်းဟောက်စ်ဝင်းထဲလည်း တစ်လုံးကျတယ်”ဟု သီပေါမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ ၄ ရက်ကလည်း သီပေါမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံနှင့် စည်ပင်ရိပ်သာ နှစ်နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် (၁) ဆောင်၊ စည်ပင်အဆောက်အဦး (၅) လုံးနှင့် ပြည်သူနေအိမ် (၈) လုံး ထိမှန်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၄) ရက်မှ ဇူလိုင်လ (၁၂) ရက်အထိ သုံးပတ်အတွင်း ကျောက်မဲမြို့တွင် (၆) ကြိမ်၊ သီပေါမြို့တွင် (၂) ကြိမ် လေကြောင်းဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား (၁၀) ဦးထက်မနည်း သေဆုံး၍ (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လက်ရှိတွင် တောင်ခမ်းဒေသဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် နောင်ချိုမြို့စွန်ရှိ ရပ်ကွက်အချို့ထဲ ရောက်ရှိလာပြီး ဂုတ်ထိပ်ဘက်သို့ စစ်ကြောင်းထိုးကာ အင်အားစုဖွဲ့လျက်ရှိခြင်းကြောင့် မကြာမီရက်ပိုင်းအတွင်း ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ် ချီတက်သွားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...