ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကောင်စီစစ်ကြောင်းထွက်ထိုး၍ တိုက်ပွဲပြင်းထန်နေ

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကောင်စီစစ်ကြောင်းထွက်ထိုး၍ တိုက်ပွဲပြင်းထန်နေ

ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်စိုးမိုးရန် စစ်ကောင်စီတပ်များက ဇူလိုင် ၈ ရက်နေ့တွင် စစ်ကြောင်း နှစ်ကြောင်းထွက်ထိုးလာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီက ကျုံဒိုး ခြေမြန်တပ်ရင်း-ခမရ (၅၄၅) တပ်မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကော့ကရိတ်မြို့ အနီးရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) မှ စစ်ကြောင်းတစ်ကြောင်းက လက်နက်ကြီး ဒုံးရော့ ကက်ပစ်ကူဖြင့် ကော့ကရိတ်ကိုးတိုင်ဘက်သို့ စစ်ကြောင်းထွက်ကာ နှစ်ဖက်ညှပ်စစ်ကြောင်း ထွက်ထိုးလာခြင်းဖြစ်သည်ဟု မြေပြင်တော်လှန်ရေးသတင်းအရင်းမြစ်က ယခုလို ပြောသည်။

“မနက် ၉ နာရီလောက်ကစပြီး ရော့ကက်တွေကျလာတာ အင်းကြီး၊ အုန်းတစ်ပင်ဘက်ရော၊ ကော့ကရိတ်၊ ကျုံဒိုးလမ်းဘက်ရော၊ စစ်ကြောင်းက ကျုံဒိုး ၅၄၅ ကလည်းထွက်၊ ၉ တိုင်ဘက်ကလည်း တစ်ကြောင်း ညှပ်တိုက်လာတာ တစ်နေကုန်တိုက်ပွဲဖြစ်နေတာ။ ၅၄၅ နဲ့ ၅၄၆ တပ်ဘက်ကည်း လက်နက်ကြီး ကူတယ်၊ ည ၇ လောက်ထိ ပစ်နေတုန်းပဲ။” ဟု ၎င်းက ပြောသည်။

ယခုလို စစ်ကောင်စီက ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ပြန်စိုးမိုးရန် စစ်ကြောင်းနှစ်ကြောင်း ဖြင့် နှစ်ဖက်ညှပ် တိုက်ခိုက်လာမှုအပေါ် တော်လှန်ရေးပူးပေါင်းတပ်များကလည်း ဟန့်တားတိုက်ခိုက်နေသည်ဟု သိရသည်။

ထို့အပြင် ဇူလိုင် ၈ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က Y12 လေယာဉ် ဒေသတဝိုက်သို့ ဝဲပျံနေသော်လည်း ဗုံးကြဲချခြင်းမရှိပေ။ လက်နက်ကြီးနှင့် အတွဲလိုက်ပစ် ရော့ကက်ဒုံးများ ကျရောက် ပေါက်ကွဲသည့်အတွက် ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်တွင် လမ်းများပျက်စီးနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“အခုက ကော့ကရိတ်လမ်းလည်း အလုံးကြီးကျ၊ ဗုံးသီးကျပြီး လမ်းတွေပျက်နေပြီ၊ ရွာအိမ်တွေ ကျောင်းတွေလည်းတော်တော် အပျက်များနေပြီ”ဟု ကျုံဒိုး သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီစစ်ကြောင်း မထွက်ထိုးခင် ဇူလိုင် ၅ ရက်မှ ၇ ရက်အတွင်း ဖားအံဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ နယ်ခြားစောင့်တပ်-BGF လက်မောင်းတံဆိပ်များ တပ်ဆင်ကာ အင်အားဖြည့်တင်းမှုများလည်း ပြုလုပ်နေသည်ဟု ဒေသတွင်းတော်လှန်ရေးစစ်ရေးသတင်းရင်းအမြစ်များက ပြောသည်။

March 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ...
March 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ လယ်ဒို (ကျောက်ကြီး)...
March 9, 2026
ရပ်ရွာဒေသ လူမှုအသိုင်းအဝိုင်းအကျိုးအတွက် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍများကို မြှင့်...
March 7, 2026
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်ကျေးရွာမှ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်၊...