မိုးကုတ်နှင့် ကျောက်မဲမြို့ ဗုံးကြဲခံရ၍ အမျိုးသမီးအပါ ၄ ဦး သေဆုံး၊ ကျောင်းသားကလေးငယ်အချို့ ဒဏ်ရာရ

မိုးကုတ်နှင့် ကျောက်မဲမြို့ ဗုံးကြဲခံရ၍ အမျိုးသမီးအပါ ၄ ဦး သေဆုံး၊ ကျောင်းသားကလေးငယ်အချို့ ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တို့ကို ယနေ့ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးအပါ လေးဦး သေဆုံးပြီး၊ ကျောင်းသားကလေးငယ်အချို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့နယ်၊ အနောက်ပိုင်းရှိ ကြပ်ပြင်မြို့၊ ခေါင်းဦးဘာရပ်ကွက်ကို ယနေ့ (ဇူလိုင်လ ၈ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ငါးလုံးခန့် ပျက်စီးပြီး အရပ်သား သုံးဦး သေဆုံးခဲ့သည်။

သေဆုံးသူများတွင် အသက် ၆၀ ကျော်အရွယ် နှစ်ဦးနှင့် နောက်ထပ်တဦး ပါဝင်ကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

မိုးကုတ်မြို့အနောက်ခြမ်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတခုအနီးသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မပြူး၊ အရီ၊ ကိုတိုး ဆိုသူတို့ သေဆုံးခဲ့ကာ ကျောင်းတက်နေသည့် ကလေးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးကုတ်ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

“ကျောင်းကိုကြဲတာ ကျောင်းဘေး ကျတယ်။ ကျောင်းဘေးက အိမ်တွေထိတာ။ လူထိခိုက်များတယ်။ ကျောင်းတက်နေတဲ့ချိန်။ ဒီနေ့ အရှေ့ပိုင်းက ကျောင်းတွေပါ အကုန် ၁၀ နာရီလောက်က ဆင်းလိုက်ကြတယ်” ဟု မိုးကုတ် ဒေသခံတဦးက ပြောသည်။

လူမှုကူညီရေးအသင်းဝင်တဦးကလည်း “လေယာဉ် ဝဲနေကတည်းက ရှောင်ကြတာပဲ။ အခုဟာက လူနေရပ်ကွက်ပေါ် ကြဲတာဆိုတော့ နေအိမ် ငါးလုံးလောက်ပျက်တယ်။ ဖြစ်ဖြစ်ချင်း ချက်ချင်းထွက်ဖို့ဆိုတာ ခက်တယ်။ ကျွန်တော်တို့ ရသလောက်တော့ လူစာရင်းစစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ပျက်စီးဆုံးရှုံးမှုများကို ရှင်းလင်းနေပြီး လူစာရင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လက်ရှိတွင် မိုးကုတ်၌ မိုးများ အုံ့မှိုင်းနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့သည် မိုးကုတ်မြို့ကို ဗုံးမကြဲခင် နာရီဝက်အလိုတွင် ကျောက်မဲမြို့၊ ဘိုးဘွားရိပ်သာအနီးကို ဗုံးကြဲခဲ့ရာ ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေယာဉ်သံများသည် နောက်ပိုင်းတွင် မကြားရတော့ဘဲ ဗုံးကြဲခါနီးမှသာ အသံကြားရသည်ဟု ဒေသခံများက ပြောသည်။

“ခုနောက်ပိုင်းလာတဲ့ လေယာဉ်သံက ခိုးကြောင်ခိုးဝှက် လာသလိုပဲ။ အရင်လို ဝေါလို အကျယ်ကြီးမဟုတ်ဘဲ တိတ်တိတ်လေးလာတာ။ မိုးကလည်းရွာတာမဲနေတဲ့ကြားကလာတာ” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ရာ မြို့များကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇွန်လအတွင်း မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူမြို့တို့တွင် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းကြောင့် ကလေးနှစ်ဦးအပါအဝင် လူငါးဦးသေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇၅ လုံး၊ ဘုန်းကြီးကျောင်း လေးကျောင်းနှင့် စာသင်ကျောင်း လေးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ၏ ဇူလိုင် ၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများသည် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ဒေသများရှိ အရပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာစေခဲ့သည်။

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...