လသာမြို့နယ်တွင် မွေးကင်းစကလေးအလောင်း အမှိုက်ပုံ၌လာရောက်စွန့်ပစ်သွား

လသာမြို့နယ်တွင် မွေးကင်းစကလေးအလောင်း အမှိုက်ပုံ၌လာရောက်စွန့်ပစ်သွား

ရန်ကုန်တိုင်း၊ လသာမြို့နယ်တွင် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်း လာရောက် စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့(ဇွန်လ ၃၀ ရက်)မွန်းလွဲပိုင်းက လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၂၁ လမ်းထိပ်ရှိ အမှိုက်ပုံးတွင် မွေးကင်းစကလေးငယ်တဦး၏ ရုပ်အလောင်းကို ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ကာ စွန့်ပစ်ထားသည်ကို အမှိုက်ကောက်သူတဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကလေးအလောင်းကို ထဘီတွေနဲ့ပတ် အိတ်နဲ့ထုတ်ပြီး ပစ်သွားတာပါ။ လူမှုကူညီရေးအသင်းတခုက သွားရောက်ကယ်ဆယ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သွားကောက်တဲ့အဖွဲ့နဲ့တော့ အဆက်အသွယ် မရသေးပါဘူး” ဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောသည်။

စွန့်ပစ်ခံရသည့် ကလေးငယ်အလောင်းသည် မွေးကင်းစအရွယ် မိန်းကလေးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မွေးကင်းစကလေးရုပ်အလောင်းလာရောက်စွန့်ပစ်ခဲ့သည့် နေရာသည် ရန်ကုန်မြို့တွင် လူစည်ကားပြီး လူသွား လူလာ မပြတ်သည့် မြို့လယ်ရပ်ကွက်ဖြစ်သည်။

“မြို့ထဲကြီးမှာ အဲဒီလိုကြီး လာပစ်သွားတယ်ဆိုပြီးသိရတာ ကြက်သီးတောင်ထတယ်။ တကယ်က မမွေး နိုင်ရင် အစကတည်းကမမွေးကြနဲ့။ တကယ်လို့ မွေးရင်းဆုံးသွားတယ်ဆိုရင်တောင် ကောင်းကောင်းမွန် မွန်သင်္ဂြိုလ်ပေးသင့်ပါတယ်။ အခုဟာက စိတ်ထဲတော်တော်မကောင်းဘူး” ဟု လမ်းမတော်ဒေသခံ အမျိုး သမီးတဦးက ပြောသည်။

ကလေးရုပ်အလောင်း လာရောက်စွန့်ပစ်သွားသည့်နေရာအနီးတွင် ရွှေဆိုင်များဖွင့်လှစ်ထားသည့်အတွက် ထိုဆိုင်များတွင်တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာ (CCTV) များမှတဆင့် လာရောက်စွန့်ပစ်သူကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်နေကြောင်း သိရှိနိုင်ရန် လသာမြို့မရဲစခန်းကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ရန်ကုန်မြို့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် သက်ကြီးရွယ်အို အဘိုးအဘွားများအား လာရောက် စွန့်ပစ်မှု၊ ကလေးငယ်များအား ကျွေးမွေးစရိတ်မတတ်နိုင်သည်ကိုအကြောင်းပြ၍ အခကြေးငွေဖြင့်ရောင်း ချမှု၊ ယခုကဲ့သို့ မွေးကင်းစ ကလေးငယ်များ၏ရုပ်အလောင်း စွန့်ပစ်မှုများ ပိုမိုဖြစ်ပွားလာနေကြောင်း မြို့ခံများက ပြောဆိုကြသည်။

February 2, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊မော်လိုက်ကလေး အကျဥ်းထောင်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့်...
January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...