စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လူငယ်များ ဖမ်းဆီးမှုဆက်ရှိနေပြီး ယခင်ထက်အဖမ်းအဆီးပိုကြမ်းလာသည့်အပြင် ငွေကြေးဖြင့် ပြန်ရွေးယူ၍မရတော့ကြောင်း သိရသည်။
ယခုဇွန်လဆန်ပိုင်း ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့မတိုင်ခင်ရက်ပိုင်းကတည်းက ကလေးမြို့ပေါ်တွင် အဖမ်းအဆီးပိုများခဲ့ပြီး တစ်ပတ်တစ်ပတ်ကို လူငယ်အယောက် ၃၀ ဝန်းကျင်ခန့်ဖမ်းဆီးခံရနေရသည်ဟု ကလေးမြို့က စစ်ကောင်စီအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
”ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကတည်းက အဲ့နောက်ပိုင်းကနေ အဖမ်းအဆီးက တော်တော်ကြမ်းနေတာ။ ခြင်းလုံးဝိုင်းတွေလည်း ဝင်ဆွဲတယ်။ အဲ့လိုမျိုး တအား အဖမ်းအဆီးကတော့ ပိုကြမ်းတာပေါ့။ တပတ်အတွင်းမှာ (၃၀၊ ၄၀) လောက်ရှိတယ်။ သိတာတွေရော၊ မသိတာတွေလည်းရှိတယ်။ အဓိကကတော့ ရဲတွေလိုက်ဖမ်းတာ အိမ်စီးကားတွေနဲ့ လှည့်နေတာ ကား (၃၊ ၄) စီးလောက်နဲ့။ စုပေါင်းရုံးလို့ ခေါ်တဲ့ အရှေ့ရဲစခန်းရုံးကို ပို့တယ်။ နောက်သူတို့ရဲ့စစ်တပ်စစ်ဆေးရုံ ကုတင်(၁၀၀) မှာ ဆေးစစ်ချက်တွေ ယူတယ်။ မိသားစုဝင်ကနေ ပြန်ပြောပြတာက ဆေးကျအောင်လုပ်ပေးလို့ရတယ်။ သိန်း (၂၀)ပေးရမယ်လို့ပြောတယ်။ ဒါတောင်မှ ဆေးစစ်ချက်ပဲရှိသေးတယ်။ ဆေးကျရင် ပြန်ရွေးရဖို့နဲ့ တခြားဟာ တွေနဲ့ဆိုရင် ဆယ်ယောက်မှာ တစ်ယောက်လောက်တောင် ပြန်ရွေးရဖို့က မလွယ်ဘူး။ တချို့ဆိုရင် လေယာဉ်အခေါက်နဲ့ကြုံရင် တခါတည်းတန်းပို့ပစ်တာ။ စစ်ကိုင်းတို့၊ တခြားမြို့တွေကို ပို့ပစ်တာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကားများဖြင့် ကလေးမြို့ရပ်ကွက်တွေထဲ လှည့်လည်ပြီး ကားဂိတ်၊ အလုပ်ရုံ၊ အရက်ဆိုင်၊ စားသောက်ဆိုင်များအထိ ဝင်ရောက်ဖမ်းဆီးမှုရှိသည်ဟု သိရသည်။
မေလကုန်ပိုင်းကလည်း တာဟန်းရပ်ကွက်တွင် နေထိုင်သူ လူလတ်ပိုင်းအမျိုးသားတဦးသည် အလုပ်ပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း ဖမ်းဆီးခံရသူ၏ မိခင်က ပြောသည်။
“ကျမသားက အရမ်းအားကိုးရတဲ့သူဖြစ်တယ်။ ပြီးခဲ့တဲ့လက သူအလုပ်သွားတယ် အပြန်လမ်းမှာ ဖမ်းဆီးခံရတယ်။ ကြားတာနဲ့ အသိတွေနဲ့ ချိတ်ဆက်ပြီး ငွေနဲ့ လိုက်တယ်။ အဲ့မှာ (သိန်း ၃၀ ကျပ်) ပေးရတယ်။ လွတ်ပေးမယ်လို့ပြောတယ်။ နောက်ပိုင်းလည်း ထပ်တောင်း တာရှိတယ်။ တကယ် တမ်းငွေနဲ့ အများကြီးလိုက်ပေမယ့် သူတို့က လွတ်မယ်လို့ပြောပေမယ့် မလွှတ်ပေးပါဘူး။ လေယာဉ်လာတာနဲ့ သူ့ကို ရှမ်းပြည်ဖက်ကို ပို့လိုက်ပြီး နောက်မှပဲ ကျမ သိရတယ်” ဟု ၎င်းက ပြောသည်။
ဇွန်လဆန်းပိုင်းကလည်း ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုး၏ ညီဖြစ်သူ ဖမ်းဆီးခံခဲ့ရပြီး ပိုက်ဆံဖြင့် ပြည်လည်ရွေးယူရန်ခက်ခဲသည့်အတွက် လူအစားထိုးပေးမှသာလျှင် ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရသည်။
ယခုလက်ရှိ ကလေးမြို့ပေါ်တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီက မကြာခဏလက်နက်ကြီးပစ်ခတ်မှု ရှိနေပြီး၊ ယခင်ကထက်လည်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။







