ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်–ဆိပ်မူသွားကားလမ်းမကြီးပေါ် ယူမာကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိရာကနေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က အမျိုးသားတစ်ဦးဟာ ယူမာကျေးရွာတစ်နေရာက သောက်ရေအိုးစင်မှာရေသွားသောက်ရာကနေ မိုင်းနင်းမိခဲ့တာလို့သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ နေရာမလှမ်းမကမ်းက အဲဗားဝင်းနားအမည်ရှိတဲ့မျှောခြံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ရှိနေပြီး ဒီမြေမြုပ်မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားတာဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ယူမာကျေးရွာမှာ အဲ့ဗားဝင်းနားမျှောခဲ့ဆိုတာရှိတယ်။ အဲ့ဒီမျှောခြံအနောက်မှာ ဆိုင်းတောင်တိုက်ပွဲတုန်းကကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတယ်။ အဲ့ရှေ့ကိုမိုင်းထောင်ထားတာပေါ့လေ။ မိုင်းထောင်တာ ကတော့စစ်ကောင်စီလား တော်လှန်ရေးတပ်ဖွဲ့တွေလားမသိဘူး။ အဲ့မှာဆေးသမားက သောက်ရေအိုးမှာရေဝင်သောက်ရင်းနဲ့ ထိတာတူတယ်။ ခြေထောက်ကအခြေနေဆိုးတယ်။ ဖြတ်ရမယ်လို့သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်ဟာ စစ်ကောင်စီတပ်ရော တော်လှန်ရေးအင်အားစုတွေပါစစ်ရေးလှုပ်ရှားကြတဲ့နယ်မြေဖြစ်တဲ့အတွက် မကြာခဏတိုက်ပွဲတွေဖြစ်နေပြီး အခုလို မြေမြုပ်မိုင်းတွေအပါအဝင် စစ်ကျန်လက်နက်ပစ္စည်းတွေမကြာခဏတွေ့ရလေ့ ရှိပါတယ်။
မနေ့က ဇွန်လ ၂၉ ရက်နေ့ကဆိုရင်လည်း မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်ခုကို လုံးခင်းအုပ်စု မှော်စီဆာကျေးရွာ ညကျောက်ဝိုင်းအဝိုင်းပတ်အနီးမှာ မပေါက်ကွဲသေးတဲ့ ဘက်ထရီဖြင့်ပြုလုပ်ထားတဲ့လက်လုပ်မိုင်းတစ်လုံးကိုတွေ့ရှိခဲ့ သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ချက်ချင်းရပ်မိရပ်ဖတွေကိုအကြောင်းကြားတယ်။ သူတို့ကတစ်တဆင့်တော်လှန်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားကြတယ်။ တစ်ခြားဒေသထက်စာရင် ဖားကန့်ဒေသကနည်းတယ်လို့ပြောလို့ရတယ်။ မိုင်းနဲ့ပတ်သက်ပြီးထိခိုက်တာပေါ့” လို့ အထက်ပါဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
မြေမြုပ်မိုင်းအပါအဝင် မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ တိုက်ပွဲဖြစ်ထားတဲ့ နိုင်ငံတစ်ဝှမ်းက ဒေသအသီးသီး မှာ တွေ့လာရပြီး ဒီအရာတွေကိုတွေ့ရှိလာရင် ပထမဆုံးအနေနဲ့ လုံးဝမထိမကိုင်ဖို့က အလွန်အရေးကြီးပြီး ဒီနေရာမှာမြေမြုပ်မိုင်း ရှိကြောင်း တာဝန်ရှိသူတွေကိုအသိပေးပြီး နောက်ဆက်တွဲကိစ္စတွေကိုဆောင်ရွက်သင့်ပါတယ်။
မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ထိခိုက်စေနိုင်တဲ့အပြင် အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ပါထိခိုက်စေနိုင်တဲ့မြေမြုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်ပစ္စည်းတွေကို ဖားကန့်ဒေသလို နှစ်ဖက်လက်နက်ကိုင်တွေလှုပ်ရှားသွားလာတဲ့နယ်မြေနဲ့ တိုက်ပွဲ ဖြစ်ပွားပြီးနေရာတွေမှာတွေ့နိုင်ပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကထုတ်ပြန်ချက်အရ မြေမြုပ်မိုင်နဲ့စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် မြန်မာပြည်တစ်ဝှမ်း ၂၀၂၄ ခုနှစ်အတွင်း ထိခိုက်ခံစားခဲ့ရသူ ၁၀၈၂ ဦးရှိခဲ့ပြီး အဲ့ဒီထဲက ၂၉ ရာခိုင်နှုန်းကအသက်မပြည့်တဲ့ကလေး ငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိတော့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေကြပြီး ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကစလို့ စစ်ကောင်စီတပ်ကလည်း ဖားကန့်မြို့နယ်ထဲအင်အားသစ်ဖြည့်တင်းနိုင်ခဲ့သလို ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ဖို့ပြန်လည်ကြိုးစားနေတာဖြစ်ပါတယ်။







