မွန်ပြည်နယ်အတွင်း အိမ်တိုင်းနီးပါးမှာ အခုလို မိုးရာသီကာလမှာ အဖြစ်များတတ်တဲ့ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဖျားနာမှုတွေ အဖြစ်များနေတယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ရာသီတုပ်ကွေးနဲ့သွေးလွန်တုပ်ကွေးရောဂါတွေဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားလေ့ရှိပေမယ့် မိုးတွင်းကာလမှာ အဖြစ်များလေ့ရှိတာကြောင့် လက်ရှိနီးစပ်ရာ ဆေးရုံနဲ့ ဆေးခန်းတွေမှာ လာရောက် ပြသကုသမှု မြင့်တက်လာနေတာပါ။
ရာသီတုပ်ကွေးဟာ ဗိုင်းရပ်(စ်) ရောဂါပိုးကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တာဖြစ်ကာ ကူးစက်ဖို့ လွယ်ကူသလို သွေးလွန်တုပ်ကွေးရောဂါကတော့ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ အေးဒီး(စ်) ခြင် ကိုက်ရာကနေ ရောဂါဖြစ်ပွားတာဖြစ်ပါတယ်။
ဆရာဝန်တစ်ဦးကတော့ လက်ရှိဖျားနာမှုတွေဟာ လူကြီးရော၊ ကလေးတွေမှာပါ အဖြစ်များနေပြီး ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး ရောနေကာ အိမ်တိုင်နီးပါးမှာတော့ ရာသီတုပ်ကွေး အဖြစ်များတဲ့ သဘောရှိတယ်လို့ ပြောပါတယ်။
“လောလောဆယ်ကတော့ လူနာတွေတော့ လောလောဆယ်တော့ ရှိနေသေးတာပေါ့။ အခုက လူ ကြီး အနေအထားလည်း ရှိတယ်။ ကလေးအနေအထားလည်း ရှိတယ်။ သွေးစစ်ကြည့်လိုက်ရင် အကုန်လုံး Positive တွေဖြစ်နေတာပေါ့နော်။ ရာသီတုပ်ကွေး သံသယရှိတဲ့ လူနာတိုင်းကို အဲဒီလိုမျိုး သွေးစစ်ကြည့်တာပေါ့နော်။ သွေးစစ်ကြည့်တဲ့အခါကျရင် ၁၀ ယောက်မှာ ၅ ယောက်လောက် အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်။ တွေ့နေတာပေါ့။ ဘာလို့ဆို ရာသီတုပ်ကွေးနဲ့ (သွေးလွန်တုပ်ကွေး) ရောနေတာပေါ့နော်။ လက္ခဏာအားဖြင့်လည်း ဆင်တူတဲ့ အနေအထားမှာ ရှိနေတာပေါ့။ အိမ်တိုင်းနီးပါးမှာ ဖြစ်တာတော့ ရာသီတုပ်ကွေး သဘောတရားအားဖြင့် ဖြစ်နေကြတာပဲ” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အဖြစ်များနေတဲ့ ဖျားနာမှုတွေမှာ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေး ရောနေတာကြောင့် သေသေချာချာ သွေးစစ်ကြည်ဖို့ လိုအပ်သလို သွေးစစ်ပြီး ဘယ်ရောဂါလည်းသိမှသာ ထိထိရောက်ရောက် ကုသနိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ထပ် ဆရာဝန် တစ်ဦးကလည်း အိမ်တိုင်းနီးပါးမှာ ဖြစ်ပေါ်နေတဲ့ ဖျားနာမှုတွေမှာ ကိုဗစ်၊ ရာ သီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောနေပြီး ကလေးနဲ့ လူလတ်ပိုင်းတွေမှာ အဖြစ်များနေကာ ရောဂါ ပြင်းထန်မှုတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။
“များတာက ကိုဗစ်ရယ်၊ ရာသီတုပ်ကွေးရယ်၊ သွေးလွန်တုပ်ကွေးရယ် အဲဒီလိုရောပြီး လာတဲ့သူတွေ များတယ်။ ကလေးတွေရယ် လူလတ်ပိုင်းတွေရယ် ရှိတယ်။ တချို့ ပြင်းထန်လူနာတော့ မရှိဘူး။ လက်ရှိက လာရင်ဖျားတယ်။ များသောအားဖြင့်က အဖျားကရောပြီး လာတာများတယ်။ သွေးလွန်တုပ်ကွေး သီးသန့်ကြီးလာတာတွေ အဲဒီလိုများသောအားဖြင့် သွေးလွန်တုပ်ကွေးက အဖျားကြီးမယ်။ တောက်လျှောက်ဖျားမယ်။ အဓိကက ပထမစဖြစ်တဲ့ ၁/၂/၃ ရက်က အဲဒီ လက္ခဏာပဲပြရမှာ၊ ဒါပေမယ့် လာလိုက်တာတွေက အကုန်လုံးအရောတွေ လာတာများတယ်။ ရာသီဥတုကြောင့်ဖြစ်တဲ့ အဆုတ်ရောင် အအေးပတ်တာရယ်၊ နောက်ရာသီတုပ်ကွေးရယ်၊ အကုန်လုံးရောပြီး လာတာများတယ်” လို့ ပြောပါတယ်။
လက်ရှိ ဒေသခံတွေအနေနဲ့ ဖျားနာပြီး နေမကောင်းဖြစ်ပါက စပ်ဆေးတွေ မသောက်ဘဲ နီးစပ်ရာဆေးရုံနဲ့ ဆေးခန်းတွေမှာ ပြသဖို့လိုအပ်ပြီး မပြသပါက ရောဂါပြင်းထန်မှုဒဏ်ကို ခံစားရနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။
ဒါ့အပြင် လက်ရှိ ကာလဟာ ဖျားနာမှုအဖြစ်များဆုံး ကာလဖြစ်တာကြောင့် ကလေးငယ်တွေအပြင် သက်လတ်ပိုင်းတွေကအစ သတိထားနေထိုင်ရမယ့် ကာလဖြစ်သလို ဖျားနာလာပါက အသက်သေဆုံးမှုမရှိအောင် မပေါ့ဆဖို့ လိုအပ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ နှစ်စဉ်ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များလေ့ရှိပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ ကြိုတင်ကာကွယ်မှု အားနည်းတဲ့အတွက် အရင်ကထက် ပိုမိုအဖြစ်များလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။







