ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ယခုဇွန်လမှစပြီး ဖမ်းဆီးသိမ်းယူမှုများ ပြုလုပ်နေပြီး ယာဉ်ပိုင်ရှင်များကိုပါ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် ယာဉ်ထိန်းရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပူးပေါင်းပြီး စီမံချက်ဖြင့် ဖမ်းဆီး နေခြင်းဖြစ်ကြောင်း အခြေအနေကိုသိရှိသူ မြောင်းမြမြို့ခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “သူတို့ဖမ်းတာ တန်ဖိုးမြင့်ဆိုင်ကယ်တွေပဲများတယ်။ PCX, Click, 100, ဗိုက်ဖောင်းတွေပဲ ပါသွားတာများတယ်။ သူတို့က မောင်းနေတဲ့ဆိုင်ကယ်တွေပဲဖမ်းတာမဟုတ်ဘူး။ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း ရှာပြီးဖမ်းသေးတယ်။ ဒီနေ့ဖမ်းသွားရင်ချုပ် ထားလိုက်ပြီး နောက်နေ့တရားရုံးတင် အမိန့်ချပြီး ထောင်ထဲပို့လိုက်တာပဲ” ဟု ကေအိုင်စီ သို့ ပြောသည်။
တစ်ရက်ကို မော်တော်ဆိုင်ကယ် ၅ စီးခန့် ဖမ်းဆီးခံနေရပြီး အချို့မှာ ဒဏ်ငွေ ၂ သိန်းမှ သိန်း ၂၀ အထိ ဒဏ်ငွေဆောင်ပြီး ပြန်လွှတ်လာသူများလည်းရှိသလို ညှိနှိုင်း၍ မရသူများအနေဖြင့်လည်း ထောင် ၆ လအထိ ကျခံရသူများရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။
လာမည့် ဇွန်လကုန်ပိုင်းတွင်လည်း ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ထွေအုပ်တာဝန်ရှိသူများ ပူးပေါင်းပြီး ကျေးရွာဘက်များတွင် လိုင်စင်မဲ့ ဆိုင်ကယ်များဆင်းဖမ်းမည်ဆိုသည့် သတင်းများထွက်ပေါ်နေ၍ ဒေသခံဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။
ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက “အခု ဆိုင်ကယ်တွေ တအားဖမ်းနေတယ်။ ဖမ်းပြီးရင် ညှိလို့လည်းမရဘူး။ တခါတည်း သိမ်းတာတွေလုပ်တော့ အခု ဘယ်မှ မသွားရဲဘူး။ အခု ရွာထိပ်တွေအထိ ဆင်းဖမ်းမယ်လို့ ကြားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဇွန်လဆန်းပိုင်းမှစပြီး နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီး အရေးယူမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပြီး ယာဉ်သိမ်းဆည်းမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။
အချို့ ဒေသများတွင် ယာဉ်လိုင်စင် သက်တမ်းတိုးရန် အခက်အခဲရှိသောကြောင့် လိုင်စင်ရှိဖူးသည့် ယာဉ်များ လိုင်စင်မဲ့ဖြစ်သွားသည့် အခြေအနေများလည်းရှိကြောင်း သိရသည်။
လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုကို ဖော်ထုတ်ရန် လိုင်စင်နံပါတ်ပြားအတု၊ လိုင်စင်အတု ပြုလုပ်ရာတွင် တာဝန်ရှိသူများ၏ ပါဝင်ပတ်သက်မှုများကိုပါ အရေးယူရန် မေ ၂၀ ရက်နေ့က ပြုလုပ်သည့် ဌာနဆိုင်ရာအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။
ထို့အပြင် အဆိုပါ လိုင်စင်မဲ့ယာဉ်များကနေ အခွန်အခ မရရှိခြင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲများရှိနေသောကြောင့် တိုင်းနှင့် ပြည်နယ်များတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေးယူရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီးနောက် ယခုလို စီမံချက်ဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ယခုလိုမျိုး လိုင်စင်မဲ့ဆိုင်ကယ်များကို ကျေးရွာများအထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။







