ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ

ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ

စစ်ကောင်စီသည် ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းများကို ပိတ်ဆို့ထားသည်မှာ နှစ်နှစ်ခန့် ကြာမြင့်လာပြီး လက်ရှိတွင် ဒေသခံများမှာ ကုန်စည်ပြတ်တောက်မှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်တို့ကို ကြုံတွေ့နေကြရသည်။

ယင်းအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မကွေးတိုင်းတို့မှ ကုန်သွယ်မှုများ ရှိသော်လည်း ယခုမိုးရာသီတွင် လမ်းခရီးကြမ်းတမ်းမှုတို့ကြောင့် ကုန်စည်လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု ကုန်သည်များထံက သိရသည်။

ရခိုင်ပြည်သူများ အားထားနေရသည့် ကုန်သွယ်ရေးလမ်းကြောင်းများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်းသွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းသည် အချိန်တိုတောင်းပြီး လမ်းခရီးအဆင်ပြေသည့် အခြေအနေတွင်ရှိနေသောကြောင့် အရေးပါသည်။

"ရခိုင်ပြည်သို့ ကုန်သွယ် လမ်းကြောင်းတွေဟာ တော်တော် ခရီးဝေးကွာတယ်။ အိန္ဒိယက ကုန်းတစ်တန် ရေတစ်တန်၊ လမ်းကြမ်းတာတွေ၊ တောင်ပြိုတာတွေ တွေ့ရတယ်။ တစ်ခါ လောင်တလိုင် အာဏာပိုင်တွေကလည်း ခဏခဏ လမ်းကြောင်း ပိတ်တယ်။ မကွေးဖက်ကလည်း ဒီအတိုင်းပဲ လမ်းခရီးတော်တော်ဝေးတော့ ဘင်္ဂလားဒေ့ရှ်ဟာ အနီးစပ်ဆုံးဖြစ်နေတယ်။ မောင်တောနဲ့ တဖက်တစ်ကမ်း ရှိသလို ကုန်းမြေ ဆက်စပ်မှုတွေလည်းရှိတော့ ဒီလမ်းကို ပိုပြီး အားကိုးရမှာ" ဟု ကျောက်တော်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်တို့ ရေကြောင်းမှ ကုန်သွယ်နေသည့် ကညင်ချောင်းကုန်သွယ်ရေး ရပ်တန့်နေသော်လည်း မြေပြင်ထိစပ်နေသည့် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နှင့် ဗန္ဓူလတို့မှာ ကုန်သွယ်မှုများ အနည်းအကျဉ်းသာ ရှိသည်။

ယင်းကြောင့် ထိုအကျပ်အတည်းများကို ဖြေလျှော့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်သင့်ကြောင့် နိုင်ငံရေးအကဲခတ်သူတို့ကလည်း သုံးသပ်နေကြသည်။

"AA နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလမ်းကြောင်းပွင့်ဖို့က အရေးကြီးပါတယ်။ ရေရှည်တော့ အဆင်ပြေမယ် ထင်ပါတယ်။ အခုလောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေးမှာပင် ယူနွတ်နဲ့ စစ်ဦးစီးချုပ် ပြဿနာတက်နေတယ်။ ဘယ်လိုဖြစ်ဖြစ် ကုန်သွယ်ရေးလမ်းကြောင်းဖောက်နိုင်မှာ AA ရဲ့ အကျပ်အတည်းပြေလည်မှာ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်း မဖြစ်မနေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

စီးပွားရေးအကျပ်အတည်းများ ကြုံနေရသည့် ရခိုင်ဒေသသည် နယ်မြေချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုဖြင့် ကုန်စည်လိုအပ်မှုကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းထားသော်လည်း အိန္ဒိယလမ်းကြောင်းသည် ခရီးဝေးကွာပြီး အဟန့်အတားများစွာ ရှိသည်။

စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးတင်းမာနေသည့် ဘင်္ဂလားဒေ့ရှ်သည် မိုးရာသီကာလအတွင်း လူသားချင်းစာနာမှုထောက်ထားရေးအတွက် တရားဝင်ကုန်သွယ်မှုတိုးလာနိုင်ပြီး AA ဘက်မှလည်း နယ်စပ်လုံခြုံရေး၊ မွတ်ဆလင်အရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ တောင်းဆိုချက်များကို သေချာညှိနှိုင်း၍ ဆက်ဆံရေးပိုတိုးသင့်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။

"စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ သံတမန်းရေးအရ တင်းမာမှုရှိနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ULA ဆက်ဆံရေး ပိုပြီး ပွင့်လင်းလို့ တိုးတက်လာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မိုးရာသီအတွင်း လူသားချင်းစာနာမှုကို ထောက်ထားလို့ တရားဝင်ဖြစ်ဖြစ် ကုန်သွယ်မှုတွေ တိုးလုပ်လာနိုင်တယ်။ AA ဘက်ကလည်း နယ်စပ်လုံခြုံရေး၊ မွတ်ဆလင်အရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက်တွေကို သေချာညှိနှိုင်းလို့ ဆက်ဆံရေးတိုးသင့်တယ်လို့ မြင်တယ်" ဟု အမေရိကန် ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်) လေ့လာနေသူ လူငယ် ကိုမျိုးငြိမ်းနိုင်က သုံးသပ်သည်။

လက်ရှိ ကုန်သွယ်ရေးလမ်းများ ကြမ်းတမ်းခြင်းကြောင့် ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများ ဈေးနှုန်း တရိတ်ရိတ်မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများမှာ စိန်ခေါ်မှုပေါင်းများစွာနှင့် ကြုံတွေ့နေကြရသည်။

ထို့ကြောင့် မိုးရာသီကုန်သွယ်ရေးအတွက် အာမခံချက်ရှိသည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေရန် ကုန်သည်များနှင့် ရခိုင်ပြည်သူများက မျှော်လင့်နေကြသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်နှင့် ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်များကို ထိန်းချုပ်ထားပြီး ရခိုင်ပြည်တွင် အုပ်ပိုင်စီမံအုပ်ချုပ်ရေးလုပ်ငန်းများ အကောင်ထည်ဖော်နေသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...