မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို စစ်ကောင်စီ၏ သံလွင်မြစ်ကူးတံတား တာကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။
ဇွန်လ ၁ ရက်မှ စတင်၍ တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ကွန်ဟိန်းမြို့နယ်အတွင်း သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း တာချီလိတ်-တောင်ကြီး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တင်လာတဲ့ ပစ္စည်းတွေက အကုန်ဖောက်စစ်တာ။ ထိုင်းပစ္စည်းတွေကို ဒီလ ၁ ရက်နေ့ကတည်းကစပြီး ပေးမတင်ဘူး။ ကုန်တင်ကားကြီးတွေ ကားငယ်တွေကော ထိုင်းထုတ်ကုန် ဘယ်ပစ္စည်းကိုမှ ပေးမတင်ဘူး။ ထိုင်းကလာတဲ့ စားသောက်ကုန် သေးသေးလေးတွေတောင် ပေးမတင်ဘူး။ စစ်လို့တွေ့ရင် အဲ့ဂိတ်မှာ ချခဲ့ရတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ တင်ပို့လာသည့် ကုန်ပစ္စည်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ သယ်ဆောင်ခြင်းမပြုသည့်အတွက် ကားသမားနှင့် ဂိတ်မှူးအချို့ အခက်အခဲများ ကြုံတွေ့နေရကြောင်း တောင်ကြီး-တာချီလိတ် လိုင်းကားပြေးဆွဲသည့် တာဝန်ခံဂိတ်မှူး အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“သူတို့လုပ်ချင်သလို လုပ်နေတာ၊ အကြောင်းအရင်က ဘယ်သူမှလည်း သေချာမသိရဘူး။ ထိုင်းထုတ် ပစ္စည်းတွေကို ပေးမဖြတ်တော့ဘူး၊ တွေ့ရင်သိမ်းမယ်လို့ပဲ ပြောတယ်။ အခုချိန်မှာ ဒီလိုတွေ ဖြစ်နေတော့ ထမင်းငတ်မှာတောင် ကြောက်နေရတာ၊ ဘယ်လိုတွေလုပ်နေမှန်း မသိဘူး အကုန်ခက်ခဲကြတယ်” ဟု ၎င်းတာဝန်ခံဂိတ်မှူး အမျိုးသမီးက ပြောသည်။
လက်ရှိတွင် ကားသမားများမှာ ထိုင်းထုတ်ကုန်ပစ္စည်းများကို ယခင်ကဲ့သို့ လွတ်လပ်စွာ သယ်ဆောင်ခွင့် မရှိခြင်းကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရသည့်အပြင် ကားခများပါ ဈေးနှုန်းမြင့်တက်သွားကြောင်း တာချီလိတ် ကားသမားတစ်ဦးကပြောသည်။
“တချို့ ကားသမားတွေကြတော့ နားသွားကြပြီး။ တချို့တွေကြတော့ လူပဲတင်တော့တယ်၊ ပစ္စည်းတွေ တင်မရတော့ ခက်တယ်လေ။ အရင်လို အသွားအပြန်နဲ့ဆို ကုန်မတင်ရရင် မကျန်ဘူး။ အရင်လို ကုန်ပစ္စည်းမတင်ရတော့ ကားခတွေက ၅ သောင်းလောက်တော့ ဈေးတက်သွားတယ်” ဟု ၎င်းကားသမားက ပြောသည်။
ယခင်တွင် ကွန်ဟိန်းမြို့မှ တာချီလိတ်မြို့တို့ သွားသည့် ကားခသည် တစ်ဦးလျှင် ကျပ်ငွေ ၄ သောင်းခန့်သာရှိသော်လည်း လက်ရှိတွင် ကားခသည် ခရီးသည်တစ်ဦးလျှင် ကျပ် ၉ သောင်းခန့်အထိ ဈေးမြင့်တက်သွားကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီမှ ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများကို ပိတ်ပင်ဖမ်းဆီးခြင်းသည် သျှမ်းပြည် အရှေ့ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းတွင် တင်ပို့ရောင်းချနေသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။
ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်းနှင့် သျှမ်းပြည် တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ်ချထားသည့် မြို့အများစုတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံစစ်ဆေးနေကြောင်း ကားသမားများက ပြောသည်။







