မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာ

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မွန်ပြည်နယ်မှာ အခုဇွန်လကစလို့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားလေ့ ရှိပေမယ့် လက်ရှိမိုးရာသီအဝင်ကာလမှာ ပိုပြီးအဖြစ်များလာသလို တစ်ရက်လျှင် အနည်းဆုံး လူ ၆၅ ဦးထက်မနည်း ရောဂါကူးစက်ခံနေရပါတယ်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလကနေ ဇွန်လဒုတိယအပတ်အတွင်း ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်းမှာ သွေးလွန်တုပ်ကွေး ရောဂါကိုတော့ ကလေးတွေမှာ အဖြစ်များ နေတာကို တွေ့ရတဲ့အပြင် လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေမှာလည်း ရောဂါကူးစက်မှုတွေ ရှိလာခဲ့တာပါ။

ဆရာဝန် တစ်ဦးကတော့ လက်ရှိ သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များနေတဲ့ ကာလမှာ ထူးခြားမှုအနေနဲ့ အရင်က သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း နည်းတဲ့ လူကြီးတွေမှာတောင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်တိုင်းမှာဆိုရင်တော့ ကလေးအထူးကုကို သွားပြကြတာများတယ်။ အခု နောက်ပိုင်းမှာ ထူးခြားတာက ဘာလဲဆိုတော့ လူကြီးပိုင်းမှာလည်း ကိုယ်ဆက်တိုက် ပူပြီးတော့ အဖျားမကျဘူးပေါ့နော်။ လူကြီးမှာ စစ်လိုက်ရင်လည်း အသက် ၃၀/၄၀ အရွယ်ပေါ့၊ အဲဒီအရွယ်တွေမှာ သွေးစစ် ကြည့်လိုက်ရင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေတာ တွေ့ရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကာလဟာ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ ကာလဖြစ်တာကြောင့် ဖျားနာပြီး နေမကောင်းဖြစ်ပါက ကလေးရော၊ လူကြီးတွေပါ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသဖို့ လိုအပ်ပြီး မပြသပါက ရောဂါပြင်းထန်မှုဒဏ်ကို ခံစားရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ အေးဒီး(စ်) ခြင် ကိုက်ရာမှ ဖြစ်ပွားတာကြောင့် ကလေးသူငယ်တွေအပြင် လူကြီးတွေပါ ခြင်မကိုက်အောင် နေထိုင်ဖို့လိုသလို ဖုံး၊သွန်း၊လဲ၊စစ်တွေကိုလည်း အမြဲလုပ်ဖို့လိုတယ်လို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။

ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...