သေ့ဘောဘိုးအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ

သေ့ဘောဘိုးအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ

KNU - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့တောင်ဘက်) ရှိ သေ့ဘောဘိုးကျေးရွာအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဗုံးကြီးကျောင်း ယနေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် ကွီးလယ့်စု ဘော်ဒါဆောင်အနီး ဘောလုံးကွင်းတွင် တစ်လုံးနှင့် ကျေးရွာဘုန်း ကြီးကျောင်းဝင်း၌ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံကျေးရွာသူကြီးတစ်ဦးက ယခုလို ပြောသည်။

“လေယာဉ်က နှစ်စင်း၊ နှစ်ခါ လာကြဲသွားတယ်။ သူလာကြဲတဲ့ဗုံး အထဲမှာ အလုံးကြီးတစ်လုံးထဲမှာ အထဲမှာ ဗုံးသီးတွေ အများကြီးပါတဲ့ဟာမျိုးလေ။ ကျနော်နာမည်ခေါ်တတ်ဘူး။ ညဘက်မှောင်တော့ အထိအခိုက်ကိုတော့ သေချာမသိဘူး။ ကလေး ၄ ယောက်ထိခိုက်ဒဏ်ရာရရှိတယ်။ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတွေချည်းပါပဲ။ ပေါင်မှာ ထိမှန်တဲ့ ကလေးက ပြင်းထန်တယ်။ ကျန်တဲ့ကလေးတွေက ဒဏ်ရာသိပ်မပြင်းဘူး။ ဘော်ဒါဆောင်နေတဲ့ ကလေးတွေပါ။ ဒဏ်ရာပြင်းထန်တဲ့ကလေးကိုတော့ ထိုင်းဘက်ကို ပို့လိုက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကွီးလယ့်စုကျောင်းသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD က စီမံခန့်ခွဲမှုအောက်ရှိ စာသင် ကျောင်းဖြစ်သည်။

လက်ရှိတွင် ကျောင်းဖွင့်ချိန် မဟုတ်သေးသဖြင့် ဘော်ဒါဆောင်တွင် ကျောင်းသား ဒါဇင်ဝက်ခန့်သာ နေထိုင်ကြသည်ဟုလည်း အဆိုပါ ကျေးရွာတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ ကျေးရွာတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လက်ရှိတွင် ရွာသူရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

လတ်တလောတွင် ကွီးလယ့်စုကျေးရွာ မြောက်ပိုင်း ၃ မိုင်အကွာအဝေးရှိ သေ့ဘောဘိုးဒေသတွင်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...