လားရှိုးမြို့ စစ်ကောင်စီ လဝကရုံးတွင် ငွေပေးနိုင်သည့်တရုတ်များ မှတ်ပုံတင်အမြန်ရ၊ ဒေသခံများ အချိန်ကြာ တန်းစီစောင့်ဆိုင်းရ

လားရှိုးမြို့ စစ်ကောင်စီ လဝကရုံးတွင် ငွေပေးနိုင်သည့်တရုတ်များ မှတ်ပုံတင်အမြန်ရ၊ ဒေသခံများ အချိန်ကြာ တန်းစီစောင့်ဆိုင်းရ

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင်အမြန်ပြုလုပ်ပေးနေပြီး ဒေသခံများမှာ အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

မေလ (၁၉) ရက်မှစတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ရုံးလုပ်ငန်း စတင်လည်ပတ်ခဲ့ရာ လဝကရုံးဝန်ထမ်းများထံ ပွဲစားမှတဆင့် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင် ဦးစားပေး ထုတ်ပေးနေသော်လည်း ဒေသခံများမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း ကိုယ်တိုင်ကြုံရသူများက ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့က မနက်အစောကြီး တန်းသွားစီရတယ်။ ၆ နာရီကျော်လောက်ကို လူရာချီဖြစ်နေပြီ၊ တန်းစီတဲ့အတိုင်းပဲ အလှည့်ရတာ။ အဲ့တော့ ဘယ်လိုလုပ်လဲဆိုရင် ပွဲစားနဲ့ ရုံးထဲက ဝန်ထမ်းနဲ့ ဖုန်းချိတ်ပြီးတော့ ငွေပေးဝင်ကြတာ။ တန်းစီစရာတောင် မလိုဘူး၊ အနောက်ပေါက်က ဝင်ရုံပဲ။ ပိုက်ဆံပေးနိုင်တာကလည်း တရုတ်တွေပဲလေ၊ ပေါက်ဈေးမြင့်တာပေါ့ မြန်မြန်လည်းရတယ်” ဟု လားရှိုးလဝကရုံးတွင် မှတ်ပုံတင် သွားရောက်လဲလှယ်သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တိုက်ပွဲအတွင်း ပျက်စီး/ပျောက်ဆုံးသွားသည့် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြားများကို အသစ်မပြုလုပ်ပေးခြင်းမရှိသေးဘဲ အချို့မှာ ရုံးတွင်းမှတ်တမ်းဖိုင်တွင် မရှိတော့ကြောင်း ရုံးဝန်ထမ်းများက အကြောင်းပြပြောဆိုသည်ဟု သိရသည်။

“ကလေးကျောင်းတက်ဖို့ အိမ်ထောင်စုစာရင်း ပုံစံ (၁၀) လိုလို့ လဝကရုံးမှာ အသစ်သွားလုပ်တာ မလုပ်ပေးသေးဘူး။ တိုက်ပွဲထဲ စာရွက်စာတမ်းတွေ ပါကုန်လို့ ပြောတာကို မိတ္တူတောင်းတယ်၊ အဲ့တာပေးပြီး ရှာကြည့်တော့ ရုံးတွင်းမှတ်တမ်းထဲ မကျန်ဘူးလို့ပြောတာ။ စမတ်ကတ်ဆိုရင်တော့ လုပ်ပေးတယ်ပြောတယ်” ဟု လားရှိုးမြို့မှ ကျောင်းသားမိခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မေလ ၂၇ ရက်မှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်မှ ပြည်သူများလည်း စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ ရုံးကြီးလမ်းရှိ ခရိုင်လဝကဦးစီးမှူးရုံးသို့ လာရောက်၍ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်နှင့် UID စမတ်ကတ်များ ပြုလုပ်နိုင်ကြောင်း ကြေညာထားသည်။

ထို့အပြင် လားရှိုးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှလည်း ပက်စ်ပို့စာအုပ်များကို လာမည့် ဇွန်လမှစတင်ပြီး ထုတ်ပေးမည်ဖြစ်ကြောင်း ပွဲစားများက ပြောဆိုနေသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်သို့ တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ဝင်ရောက် တပ်စွဲခဲ့ပြီးနောက် မေလဆန်းပိုင်းမှစတင်ကာ ပြည်သူ့ဆေးရုံ၊ လဝကရုံးနှင့် မြို့သန့်ရှင်းရေး စည်ပင်သာယာရေးဌာနတို့ လုပ်ငန်းလည်ပတ်ခဲ့ပြီး ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းများကိုလည်း အစည်းအဝေး ခေါ်ယူခဲ့သည်။

မေလ ၂၂ ရက်မှစတင်ပြီး စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...