စလင်းတွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကို သတ်ဖြတ်

စလင်းတွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကို သတ်ဖြတ်
ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ က နေအိမ်များကို မီးရှို့ဖျက်စီးသွားသည့်အတွက် မီးဘေးသင့်စလင်းဒေသခံများကို စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အားတွေ့ ရစဉ် (ပုံအဟောင်း)။ (စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)
ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ က နေအိမ်များကို မီးရှို့ဖျက်စီးသွားသည့်အတွက် မီးဘေးသင့်စလင်းဒေသခံများကို စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အားတွေ့ ရစဉ် (ပုံအဟောင်း)။ (စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ၁၃ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာလေးရွာမှ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၆ ဦးကို သတ်ဖြတ်သွားကြောင်း စလင်းမြို့နယ် (ပကဖ) မှ မေလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

မေ ၁၃ ရက်မှ ၂၅ ရက်နေ့အထိ စလင်းမြို့နယ်အတွင်း စစ်ကြောင်ထိုးသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် စနေချောင်၊ ဂွေးကုန်း၊ အိုးသည်၊ ငါးသန်ခေါင်းကျေးရွာများမှ နေအိမ်များကို မီးရှို့ခဲ့ပြီး တိမ်းရှောင်နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း စလင်းမြို့နယ် (ပကဖ) ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဆန်းက မဇ္ဈိမကိုပြောသည်။

“ဂွေးကုန်းဆို နှစ်ကြိမ်ရှို့ခံရတာ၊ ရွာလုံးကျွတ်နီးပါး မီးထဲပါသွားတယ်။ ကျန်တဲ့ရွာတွေမှာလည်း နေအိမ်တော်တော်များ ရှို့ခံလိုက်ရတာ သတ်ခံလိုက်ရတဲ့သူတွေက အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်ရှိသူတွေ။ မပြေးနိုင်လို့ အသတ်ခံလိုက်ရတာ။ သူတို့ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။

စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်ထောင်စု ၄၀၀ ကျော် မီးဘေးသင့်ခဲ့ရကြောင်းနှင့် ယခုကာလသည် မိုးတွင်းကာလဖြစ်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မီးဘေးသင့်ပြည်သူများအတွက် အမိုးအကာများရရှိရေးနှင့် စားနပ်ရိက္ခာရရှိရေး အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကိုအောင်ဆန်းကဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူတပ်မ (၁၀၁)၊ မကွေးတပ်မ (၈၈)၊ ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) တို့မှ တပ်သားများဖြင့် စုဖွဲ့ထားပြီး မေလ ၁၃ ရက်နေ့တွင် စလင်းချောင်းတောင်ဖက်ရှိ ကျေးရွာများဖြစ်သည့် အနောက်ကန်ဘောင်ကျေးရွာမှ ဝမ်းပြည့်-အောက်လှိုင်းကျေးရွာဖက်သို့ စစ်ကြောင်းတကြောင်း၊ မြေနီကုန်းကျေးရွာဖက်မှ စစ်ကြောင်းတကြောင်းဖြင့် နှစ်ဖွဲ့ခွဲကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စစ်ကြောင်းနှစ်ကြောင်းပေါင်း၍ အောက်လှိုင်း၊ ပိန္နဲပင်၊ ငါးလင်ပန်းကျေးရွာများသို့ ဝင်ရောက်ခဲ့ရာ စလင်းမြို့နယ် (ပကဖ) ကလည်း စလင်းချောင်းတောင်ခြမ်းနှင့် မြောက်ခြမ်းများတွင် အထိုင်ချနေရာယူ၍ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ မေလ ၂၀ ရက်နေ့အထိ ရှစ်ရက်ကြာ နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စလင်းမြို့နယ် (ပကဖ) က အသိပေးထားသည်။

မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းသည် လေကြောင်းပစ်ကူ ငါးကြိမ်အသုံးပြုပြီး စလင်းချောင်းမြောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် ငါးသန်ခေါင်း၊ ဂွေးကုန်းနှင့် ထနောင်းကုန်းကျေးရွာများသို့ ဝင်ရောက်လာပြီးနောက် ယင်နေ့တွင် ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် မေလ ၂၂ ရက်နေ့တွင် ထနောင်းကုန်းနှင့် ဂွေးကုန်းကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ်ကူ ခုနစ်ကြိမ်အထိ အသုံးပြုခဲ့ပြီး ထိုနေ့မှာပင် ဂွေးကုန်းကျေးရွာကို ထပ်မံမီးရှို့ခဲ့ကြောင်း စလင်းမြို့နယ် (ပကဖ) ထံ မှသိရသည်။

မေလ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ သည် အင်အားများအားလုံးစုဖွဲ့၍ စနေချောင်ကျေးရွာသို့ ဝင်ရောက်လာရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် မေလ ၂၄ ရက်နေ့တွင် စနေချောင်ကျေးရွာမှ အိုးသည်ကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်လာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးခဲ့ကြောင်း ကိုအောင်ဆန်းက ပြောသည်။

“စစ်ကောင်စီဖက်က ထိခိုက်သေဆုံး တော်တော်များတယ်လို့သိရတယ်။ ပြန်ဆုတ်သွားချိန်မှာလည်း ထမ်းခေါ်ရတဲ့သူတွေ ဒဏ်ရာရရတဲ့သူတွေလည်း များတယ်လို့ သိရပါတယ်။ ကျနော်တို့ဖက်မှာ တဦးကျပြီး တဦးဒဏ်ရာရခဲ့တယ်” ဟု ၎င်းကပြောသည်။

မေလ ၂၅ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လင်းဇင်းရဲစခန်းသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် မေလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များအတွင်းသို့ ပြန်လည်ဝင်ရောက်မှုများရှိနေကြောင်း စလင်းမြို့နယ် (ပကဖ) ထံမှ သိရသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...