မန္တလေး-မြစ်ကြီးနား လမ်းပိုင်း ကွင်းလမ်းအသုံးပြုနေရဆဲဖြစ်တဲ့အတွက် ကုန်စျေးနှုန်းဆက်မြင့်တက်နေ

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း ကွင်းလမ်းအသုံးပြုနေရဆဲဖြစ်တဲ့အတွက် ကုန်စျေးနှုန်းဆက်မြင့်တက်နေ
မြစ်ကြီးနား - မန္တလေးကားလမ်းမကြီး ကွင်းလမ်းကနေ သွားလာနေတဲ့ မြင်ကွင်း။
မြစ်ကြီးနား - မန္တလေးကားလမ်းမကြီး ကွင်းလမ်းကနေ သွားလာနေတဲ့ မြင်ကွင်း။

မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကွင်းလမ်းအသုံးပြုပြီးသွားလာနေရဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်ဘက်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်လာပြီး ကုန်စျေးလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။

ကချင်ပြည်အတွက် အဓိက ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ မန္တလေး - မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ ဇီးကုန်းနဲ့ စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားအားလုံး ကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀) လမ်းကို အသုံးပြုသွားလာနေရပြီး ခရီးကြန့်ကြာမှုကြုံနေရတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“အခုပိတ်ထားတဲ့ကွင်းလမ်းက အရင်အင်းတော်ကွင်းလမ်းထက်ဆိုးတယ်ပြောတယ် အဲ့ကြောင့် ကုန်တခါတခါရောက်ဖို့မလွယ်ဘူး။ အခု ကုန်ကားတွေမဝင်တာ အတော်ကြာပြီ မြို့ထဲမှာ ကွမ်းရွက်တွေ၊ လက်ဖက်ရည်ဆိုင်သုံးပစ္စည်းတွေ တချို့ပြတ်နေကြတယ်ဗျ ပစ္စည်းမရောက်လို့တဲ့” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ကွင်းလမ်းဟာ မိုင်ပေါင်း ၄၀ ကျော်ဝေးပြီး မြေသားလမ်းဖြစ်တာကြောင့် မိုးရွာသွန်းတဲ့အချိန်တွေမှာ လမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးလို့ သွားလာရခက်ခဲတာကြောင့် လမ်းမှာ တစ်ပတ်ကျော်ကြာတယ်လို့ သိရပါတယ်။

“အရင် အင်းတော်ကွင်းလမ်းပိတ်တဲ့အချိန်ဆိုရင် တစ်ပတ်၊ တစ်ပတ်ကျော်ကျော်ဆို မြစ်ကြီးနားရောက်ပြီ အခုက ပြီးခဲ့တဲ့ ၁၈ ရက်နေ့က မန္တလေးဂိတ်ကိုတင်ထားတာ အခုထိ မြစ်ကြီးနားဂိတ်ကို မရောက်လာသေးဘူး ပစ္စည်းက ဆယ်ရက်တောင်ရှိပြီ “လို့ လူသုံးကုန်နဲ့ စားသောက်ကုန်ရောင်းနေတဲ့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ကွင်းလမ်းအသုံးပြုသွားလာနေရတာကြောင့် မြစ်ကြီးနား၊ ပူတာအိုနဲ့ အခြားမြို့နယ်တွေဘက်မှာ စားသုံးသူအများဆုံးကုန်တွေဖြစ်တဲ့ ကွမ်းရွက်၊ လက်ဖက်ရည်ဆိုင်သုံး ဂျုံမုန့်၊ စားဆီ၊ ခရမ်းချဥ်သီးတွေနဲ့ အခြားကုန်ပစ္စည်းတွေ ပြတ်လပ်တာ စျေးတက်တာတွေရှိနေတယ်လို့ သိရပါတယ်။

“ပြည့်ဝ (စားဆီ) ငါးဆယ်သားနဲ့ တပိဿဗူးတွေဆို ပြတ်နေပြီ လူတိုင်းနီးပါးက ဗူးသေးပဲဝယ်သုံးကြတာ စျေးလည်းတက်တယ် ခါတိုင်းတစ်သောင်းပဲ အခု ၁၂၀၀၀ ရှိတယ် ရွှေဝါဆပ်ပြာလည်းအဝယ်များတော့ ကုန်ကလည်း ထပ်မရောက်ဆိုတော့ စျေးတင်ရောင်းကြတယ် ၅၀၀၊ ၆၀၀ အထိ ထပ်တက်တယ်” မြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေ ကန့်ဘလူမြို့နယ်ထဲက မြစ်ကြီနား – မန္တလေး ဗျူဟာကားလမ်းပိုင်းမှာ ယခုနှစ် ဖေဖော်ဝါရီလကတည်းက ခြေကုပ်တပ်စွဲထားပြီး မတ်လကနေ ယင်းကားလမ်းပိုင်းကို ပိတ်ထားတာဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ကွင်းလမ်းတလျှောက်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး အင်းတော်မြို့မသိမ်းခင် ၂၀၂၅ ဧပြီလအထိ အင်းတော်မြို့ထဲကနေ ပိတ်ထားခဲ့ပါတယ်။

အင်းတော်မြို့ကနေ မန္တလေး - မြစ်ကြီးနား ကားလမ်းပိတ်ထားချိန် ကုန်ကားနဲ့ ခရီးသည်ကားတွေဟာ အင်းတော်မြို့ရှောင်လမ်း ကွင်းလမ်းကို အသုံးပြုသွားလာခဲ့ရပြီး ကချင်ပြည်နယ်ဘက် ကုန်စျေးတက်တာ၊ မကြာခန ကုန်စည်ပြတ်လပ်တာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိမှာတော့ အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဧပြီလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်ပိုက်ခဲ့ပြီး ပိတ်ထားတဲ့ ဗျူဟာကားလမ်းပိုင်းကို ဖွင့်ပေးခဲ့ပေမယ့် ကန့်ဘလူနယ်ကနေ စစ်တပ်က ပြန်ပိတ်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...