ငလျင်ဘေးဒဏ်သင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ ရေပြန်ကြီးလာနိုင်

ငလျင်ဘေးဒဏ်သင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ ရေပြန်ကြီးလာနိုင်
အင်းလေး ဒေသ ငလျင်ဘေးသင့်မှုကြောင့် အိမ်ပြိုကျနေသည့်ပုံ။
အင်းလေး ဒေသ ငလျင်ဘေးသင့်မှုကြောင့် အိမ်ပြိုကျနေသည့်ပုံ။

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း မိုးထပ်မံရွာသွန်းမှုကြောင့် ရေပြန်ကြီးလာမည်ကို စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဒေသတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းကာ ရေတပေကျော် မြင့်တက်လာသည်။

ထိုရေမြင့်တက်လာမှုကြောင့် ငလျင်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးသည့် အင်းလေးဒေသ အချို့ကျေးရွာများ ရေဘေးထပ်မံကြုံနေရကာ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသကဲ့သို့ အချို့လည်း ရေဘေးထပ်မံကြုံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

“ငလျင်ကြောင့် ပြိုတဲ့အိမ်တွေက တစ်ချို့က ကဆောက်လို့မပြီးသေးတာရှိတယ်။ အခုမိုးကာတဲနဲ့ နေနေရတော့ အဆင်မပြေတာတွေရှိတယ်။ မိုးကလည်း နေ့တိုင်းလိုလိုရွာတော့ မိုးကာနဲ့ နေရတဲ့သူတွေက မိုးမလုံဘူး။ ရေကလည်း တက်ဆိုတော့ စင်ထပ်ထိုးပြီး နေနေရတာမျိုးရှိတယ်” ဟု အင်းလေး လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ငလျင်ဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်မပြင်ဆင်နိုင်သေးသည့် နေအိမ်များလည်းရှိကာ လက်သမားအလုံအလောက်မရှိသဖြင့် ပြန်လည်ထူထောင်မှု နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု တစ်လစောရွာသဖြင့် စပါးစိုက်ပျိုးထားသည့် လယ်သမားများလည်း ရေနစ်မြှုပ်မှုဖြစ်မည်ကို စိုးရိမ်နေကြသည်။

“ဒီနှစ်က မိုးတစ်လစောပြီး ရွာတယ်။ ရေလည်းတက်တယ်။ စပါးစိုက်ထားတဲ့သူတွေက မျက်ခုံးလှုပ်နေရတာပေါ့။ အခုမှ စပါးက အနှံထွက်တုန်းပဲ။ အရင်နှစ်ကလည်း ရေကြီးပြီး စပါးတွေ စိုက်ခင်းတွေ အကုန်ပျက်စီးကုန်တာ။ ဒီနှစ်လည်း ရေထပ်ကြီးမှာ စိုးရိမ်နေရတယ်။ ရေကြီးလည်း အင်းလေးခံရ ငလျင်ဆိုလည်း အင်းလေး ရေခမ်းတော့လည်း ဒုက္ခရောက်နဲ့ အဘက်ဘက်က အခက်ခဲတွေနဲ့” ဟု ၎င်းလူငယ်က ဆက်ပြောသည်။

ယခင်က ရေခမ်းခြောက်၍ သွားမရလာမရဖြစ်ခဲ့ရသော ရွာမကျေးရွာဘက်တွင် ရေပြန်တက်လာပြီဖြစ်ပြီး ငလျင်ဘေးသင့် နေအိမ်များကို ယနေ့ထိ ပြန်လည်ပြုပြင်၍ မပြီးစီးနိုင်သေးခြင်းကြောင့် စိတ်ဓာတ်ကျနေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသည့် အင်းလေးဒေသခံတစ်ဦးက ပြောသည်။

သက်ဆိုင်ရာ ဌာန ပြည်နယ် အစိုးရအဖွဲ့မှလည်း လိုအပ်သည့် ဝါးများ ဆောက်လုပ်ရေးပစ္စည်းများ ပြန်လည် ထောက်ပံ့နေပြီး စားနပ်ရိက္ခာများကို အလှူရှင်အဖွဲ့မှ လာရောက်လှူဒါန်းနေသောကြောင့် ငလျင်ဒဏ်အင်းလေး ဒေသခံများ စားသောက်ရေးအတွက် အဆင်ပြေမှုရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင်လည်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင်း မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံမှု စတင်ကြုံတွေ့နေရသည်။

အင်းလေးဒေသအတွင်း ငလျင်လေးဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့်၊ နေအိမ် ၃၅၀၀ ထပ်မနည်းပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများကြုံတွေ့နေရပြီး၊ ‌ကေလာ၊ နမ့်ပန်၊ ဇရပ်ကြီး၊ ရှေ့ဝကြီးနှင့် စသည့်ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...