ကျောက်ဖြူတိုက်ပွဲအတွင်း တရုတ်စစ်သား ၂၀ ခန့်က ဒရုန်းများဖြင့် စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေကြောင်း သတင်းများထွက်ပေါ်လာ

ကျောက်ဖြူတိုက်ပွဲအတွင်း တရုတ်စစ်သား ၂၀ ခန့်က ဒရုန်းများဖြင့် စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေကြောင်း သတင်းများထွက်ပေါ်လာ

တရုတ်စီမံကိန်းကြီးများ တည်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းလက်ရှိ အာရက္ခတပ်တော် (AA) နှင့် ပြင်းထန်စွာဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တရုတ်စစ်သား ၂၀ ခန့်သည် ဒရုန်းများကို ၎င်းကိုယ်တိုင်ကိုင်တွယ် ထိန်းချုပ်မောင်နှင်ပြီး  စစ်ကောင်စီဘက်မှနေ၍ ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟု သတင်းများ ရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ တရုတ်ဓာတ်အား‌ဖြန့်ဖြူးရေးနှင့် စွန့်ပစ်စက်ရုံ (OGT) နှင့် သစ်ပုတ်တောင်တိုက်နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်တို့တွင် ယခုနောက်ပိုင်း တရုတ်စစ်သားများက ကိုယ်တိုင် ဝင်ရောက်ပြီး ဒရုန်းများဖြင့် တိုက်ခိုက်နေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“မလကျွန်းရွာနားက OGT စက်ရုံနဲ့ သစ်ပုတ်တောင်က ဓညဝတီရေတပ်မှာ တရုတ်စစ်သား ၂၀ လောက်ဒရုန်းမောင်းပြီး အေအေကို တိုက်ခိုက်တယ်။ ရွာတွေကို ဗုံးကြဲနေတယ်။ ရေတပ်က ဗမာစစ်သားတွေကို ဒရုန်းမမောင်းရဘူးလို့ အတိအကျ သတင်းရထားတယ်။ ဒရုန်းတွေကို နည်းပညာပိုင်း ပိုကျွမ်းကျင်တဲ့ တရုတ်စစ်သားတွေကိုယ်တိုင် မောင်းနှင်ပြီး ကျေးရွာတွေကို ဗုံးကြဲနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် အစိုးရစက်မှုလက်မှုသင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတို့ကို AA တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက် တရုတ်စစ်သားများသည် ဒရုန်းကို ကိုယ်တိုင်မောင်းပြီး တိုက်ခိုက်မှုများ ပြုလုပ်လာသည်ဟု ၎င်းက ပြောဆိုသည်။

ကျောက်ဖြူမြို့မှ ရခိုင်နိုင်ငံရေးသမားတစ်ဦးကလည်း တရုတ်အစိုးရအနေဖြင့် မြန်မာ့အရေး ကြားဝင်မည်မဟုတ်ကြောင်း ပြောဆိုထားသောလည်း တရုတ်စစ်သားများသည် စစ်ကောင်စီ စစ်ရေယာဉ်များနှင့် စစ်ကောင်စီတပ်သားများ စခန်ချထားရာ တရုတ်စီမံကိန်းဝင်းအတွင်းမှ  ဒရုန်းများကို ကိုယ်တိုင်မောင်းနှင်ပြီး တိုက်ခိုက်ပေးနေသည်ဟု ကြားသိရကြောင်း ပြောဆိုသည်

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း တရုတ်များ စစ်ကောင်စီဘက်မှနေ၍ ဒရုန်းများဖြင့် စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်သည်။

“ဖြစ်နိုင်ခြေတော့ရှိပါတယ်။ သူ့ရဲ့ ဒီမဒေးကျွန်းက ပိုက်လိုင်းတွေရှိတဲ့နေရာတွေ ထိခိုက်မှုဖြစ်မှာစိုးလို့ စစ်တပ်နဲ့ သူတို့က စာချုပ်ချုပ်ထားတာကိုး။ တကယ်လို့ AA သာ ကျောက်ဖြူကို အလုံးစုံထိန်းချုပ်လိုက်ပြီဆိုရင် သူတို့ AA နဲ့ တစ်ခါပြန်ပြီးတော့ စာချုပ်ချုပ်ရမဲ့သဘောရှိတယ်။ စာချုပ်ချုပ်ရမဲ့အနေအထားပေါ့နော်။ အဲဒီတော့ လက်ရှိ သူတို့ စာချုပ်ချုပ်ထားတဲ့ဟာ၊ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးအောင်လို့တော့ တရုတ်ကနေ ကာကွယ်နိုင်တယ်ပေါ့နော်။ ဖြစ်နိုင်ခြေကတော့ များတယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူတွင် တပ်စခန်းနှစ်ခုကို AA သိမ်းပိုက်ပြီးနောက် OGT စက်ရုံအပါအဝင် တရုတ်စီမံကိန်းများသို့ ဆုတ်ခွာပြီး AA ကို ခုခံတိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။

CDM ဗိုလ်ကြီး ဇင်ယော်က “အခုဆိုရင် ကျောက်ဖြူနဲ့ ၁ဝ ကီလိုမီတာ ခြောက်မိုင်နီးပါးလောက်၊ အကွာလောက်ထိကို ရောက်နေပြီဆိုတော့ တရုတ်အနေနဲ့ လန့်မယ်ဆိုလည်း လန့်စရာပေါ့နော်” ဟု ပြောသည်။

ကျောက်ဖြူမြို့သည် တရုတ်၏ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းများတည်ရှိရာ မြို့ဖြစ်သဖြင့် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အမြောက်အများ ရရှိနေသော မြို့ဖြစ်သလို  ပင်လယ်ရေနက်ဆိပ်ကမ်း တည်ရှိရာမြို့လည်းဖြစ်သဖြင့် ပထဝီနိုင်ငံရေးအရလည်း အလွန်အရေးပါသော မြို့တစ်မြို့ဖြစ်သည်။

သို့အတွက် စစ်ကောင်စီနှင့်အတူ တရုတ်သည်လည်း ကျောက်ဖြူမြို့ AA လက်ထဲ ကျမသွားရန် ရနိုင်သည့်နည်းလမ်းဖြင့် ကာကွယ်နေသည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ယင်းသို့တိုက်ပွဲဖြစ်ပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျောက်ဖြူမြို့နယ်အတွင်းသို့ တရုတ်ကြေးစားစစ်သားများလည်း ရန်ကုန်လေဆိပ်မှဆင့် လေကြောင်းမှ ရောက်ရှိလာခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ တရုတ်ကြေးစားစစ်သားများမှာ အရေအတွက်အားဖြင့် ၅ဝ ဝန်းကျင်ခန့်ရှိပြီး ယင်းအထဲတွင် စနိုက်ဘာသမားများလည်း ပါဝင်ကာ ၎င်းတို့ကို စစ်ကောင်စီ၏ ဓညဝတီ ရေတပ်ဌာနချုပ်၊ အမှတ် (၃၂) ရဲတပ်ရင်းအပါအဝင် တပ်ရင်းတချို့နှင့် နေဗီပေါ်တွင်လည်း ဖြန့်ချထားသည်ဟု မြေပြင်သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း ကျောက်ဖြူမြို့အနီးရှိ မဒေးကျွန်းစီမံကိန်းကို လုံခြုံရေးယူရန်အတွက် တရုတ်စစ်သားများကို စစ်ကောင်စီက ပို့ဆောင်ထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

တရုတ်သမ္မတချီကျင့်ဖျင်ကလည်း စစ်ကောင်စီဥက္ကဋ္ဌကို ကျောက်ဖြူအပါအဝင် မြန်မာရှိ တရုတ်စီမံကိန်းများနှင့် စီမံကိန်းရှိ ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးရန်လည်း အကြိမ်ကြိမ်တောင်းဆိုထားသည်။

လက်ရှိတွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ကျောက်ဖြူမြို့မှ (၆) မိုင်ခန့်သာ ကွာဝေးတော့သည့် အမှတ် (၃၂) တိုက်ခိုက်ရေးရဲတပ်ရင်းအနီးသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၂၃ ရက်၊ ညနေပိုင်းတွင် AA သိမ်းပိုက်ထားသည့် စက်မှုလက်မှုကျောင်းကို ပြန်လည်ထိုးစစ်ဆင်လာစဉ် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် တိုက်ပွဲမှာ ယခုရက်ပိုင်းအတွင်းအမှတ် (၃၂) တိုက်ခိုက်ရေး ရဲတပ်ရင်းအနီးဝန်းကျင်ကို ရောက်ရှိလာခြင်းဖြစ်သည်။

ကျောက်ဖြူတွင် အမှတ် (၃၂) ရဲတပ်ရင်းအပါအဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်နှင့် အုန်းကျွိန်ရေတပ်စခန်းတို့ အခြေစိုက်ထားသည်။

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်ထားသည့် မင်းတက်တောင်စခန်းပတ်ဝန်းကျင်အနီးအနားကို စစ်ကောင်စီက မေလ ၂၂ ရက်၊ ညနေပိုင်းတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဧပြီလ ၂၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာတွင် အသက် ၆ဝ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရသွားခဲ့သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...