စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် ကျောက်ဖြူတွင် ထမင်းနပ်မမှန်သူများ ရှိလာနေ

စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် ကျောက်ဖြူတွင် ထမင်းနပ်မမှန်သူများ ရှိလာနေ

ပုံစာ - ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ ကံ့ကော်တောဘုရားလမ်းခွဲနေရာကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောနှင့် ဂုံးချွိန်ကျေးရွာက ဒေသခံများကို ရွာပြင်မထွက်ရအောင် စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ယခုအခါ ရွာသားများမှာ စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံနေရပြီး လက်လုပ်လက်စားများမှာ ထမင်းနပ်မမှန် ဖြစ်နေကြသည်။

ယင်းကျေးရွာနှစ်ရွာကို ကျောက်ဖြူတိုက်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ ယနေ့အချိန်ထိ ၃ လကျော်ကြာ ခရီးသွားလာခွင့်နှင့် ရိက္ခာသယ်ယူမှုများကို တင်းကျပ်စွာ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ရွာသားများက DMG ကို ပြောသည်။

"ပိတ်ဆို့မှုဒဏ်ကို တော်တော်လေးကို ခံစားနေကြရတာ။ လက်လုပ်လက်စားတွေဆို ဘယ်လိုမှ မခံနိုင်ဘူး။ တချို့ ထမင်းနပ်မမှန်တော့ဘူး။ ကလေးနဲ့ သက်ကြီးပိုင်းတွေဆို အဟာရပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရတယ်။ ရိက္ခာတွေက ဈေးကြီးပြီး ဝယ်မရတဲ့ အခြေအနေဖြစ်နေတာ" ဟု ဂုံးချွိန်ကျေးရွာသားတစ်ဦးက ပြောသည်။

ဂုံးချွိန်ကျေးရွာသည် ကျောက်ဖြူမြို့နှင့် ၄ မိုင်၊ အုန်းတောရွာသည် ၆ မိုင်ခန့် အကွာတွင် ရှိသည်။ ဂုံးချွိန်ရွာတွင် အိမ်ခြေ ၉၀၀ ခန့်နှင့် အုန်းတောရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိကာ ရွာချင်းစပ်များ ဖြစ်ပြီး စစ်ကောင်စီတပ်ရင်းများနှင့် နီးစပ်သည်။

ဂုံးချွိန်ကျေးရွာသည် ခမရ (၅၄၂) တပ်ရင်းနှင့် ၁ မိုင်ခန့်အကွာ၊ အုန်းတောရွာသည် အမှတ် (၃၂) ရဲတပ်ရင်းနှင့် ၁ မိုင် ခန့်သာကွာရှိသဖြင့် ကျေးရွာသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်ကာ ရွာပြင်သို့ မထွက်ရအောင် ပိတ်ဆို့ထားခြင်းဖြစ်သည်။

"ကျနော်တို့ ရွာတွေက သူတို့ (စစ်ကောင်စီ) နဲ့ နီးတော့ အနီးကပ်စောင့်ကြည့်ခံနေရတာ။ ဘယ်ကိုမှ သွားလို့မရဘူး။ တောထဲတောင်ထဲမှာ ဟင်းသွားရှာမယ်ဆိုရင်လည်း မိုင်းထိပြီး သေသွားတဲ့ လူတွေရှိတော့ ဘယ်သူမှ တောထဲမသွားရဲဘူး။ မြို့ကိုသွားမယ်ဆိုရင်လည်း အဖမ်းခံရမှာကြောက်လို့ မသွားရဲဘူး။ ကြာရင် တရွာသားလုံး ငတ်သေမယ့် အခြေအနေ" ဟု အုန်းတောကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့အဝင် ကုန်းလမ်း (ကျောက်တစ်လုံးဂိတ်) အပါအဝင် မြို့နှင့်ထိစပ်လျက်ရှိသော ရေလမ်းကြောင်းများကိုပါ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာက စတင်ပြီး ပိတ်ဆို့ထားသဖြင့် လက်ရှိတွင် ဒေသခံများ စားဝတ်နေရေးကျပ်တည်းနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ စစ်တော၊ စည်မော်ကျေးရွာအနီးနှင့် အမှတ် ၃၂ ရဲတပ်ရင်းအနီး မလကျွန်း၊ မင်းတပ်တောင်၊ ပြိုင်းစေ့ကေနှင့် နှမ်းဖဲတောင်ကျေးရွာအနီးတို့တွင် တိုက်ပွဲများဖြစ်နေသည်။

AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...