အိုးထိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးထိရှိလာ

အိုးထိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးထိရှိလာ

ဒီပဲယင်းမြို့နယ် အိုးထိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရခဲ့သူများအနက်မှ Grade-3 ကျောင်းသူတဦး ယနေ့နံနက်တွင် ထပ်မံသေဆုံးသွားရာ သေဆုံးသူ စုစုပေါင်း ၂၄ ဦးရှိသွားပြီဖြစ်သည်။

အသက် ၁၁ နှစ်အရွယ် မပြည့်ပြည့်ငြိမ်းသည် ဗုံးစများ ခန္ဓာကိုယ်တွင်းဖောက်ဝင်ခဲ့ရာက အတွင်းဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

”ကလေးက ဗုံးစတွေ ခန္ဓာကိုယ်အနှံ့ထိထားလို့ ဖောက်ဝင်ဒဏ်ရာတွေကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပအဖ အဖွဲ့ ဝင် တဦးက မဇ္ဈိမသို့ ပြောသည်။

မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်၏ MIG-29 ဂျက်ဖိုက်တာသည် မိတ္ထီလာရှမ်းတဲလေတပ်စခန်းမှ နံနက် ၉ နာရီ ၁၄ မိနစ်ဝန်းကျင်က ပျံတက်ခဲ့ပြီး အိုးထိန်တွင်းစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို သုတေသနပြုနေသောအဖွဲ့အစည်းဖြစ်သည့် EAR ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗုံးကြဲမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦး ၊ ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒဏ်ရာရသူအရေအတွက်မှာ ကနဦးသတင်းများတွင် ၄၈ ဦးဟုသာသိရသော်လည်း ယမန်နေ့ညကနောက်ဆုံးတက်လာသောစာရင်းများအရ ၁၀၂ ဦးအထိရှိလာသည်။

ယမန်နေ့က အသက်ရှစ်နှစ်အရွယ် Grade-2 ကျောင်းသား မောင်အောင်ဇေယျသေဆုံးခဲ့ပြီး ဒဏ်ရာရသူများအနက်မှ အသက် ၅၂ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်လွင်၏ ဘယ်ဘက်လက်ဖြတ်တောက်လိုက်ရသည်။

လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်။

အခက်အခဲပေါင်းစုံများကြားမှ သင့်လျော်ရာနေရာများတွင် ဆေးကုသပေးနေရခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ် (ပအဖ) အဖွဲ့ ဝင်က ပြောသည်။

ဒီပဲယင်းမြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ရာဒေသတခုဖြစ်ပြီး ဒေသတွင်း စစ်ကောင်စီယန္တရား၏ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားသည်မှာကြာမြင့်လှပြီဖြစ်ရာ သတင်းစီးဆင်းမှုနှေးကွေးလေးလံလှသည်။

ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်။

December 20, 2025
စစ်ကော်မရှင်က မြောက်ဦးပြည်သူ့ဆေးရုံအား လူ့အခွင့်အရေးနေ့တွင် ဗုံးကြဲတိုက်ခိုက်ပြီး...
December 19, 2025
ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ လုပ်ကိုင်ခွင့်ပြုထားပြီး အကောင်အထည်ဖော်...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...