အိုးထိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးထိရှိလာ

အိုးထိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးထိရှိလာ

ဒီပဲယင်းမြို့နယ် အိုးထိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာရခဲ့သူများအနက်မှ Grade-3 ကျောင်းသူတဦး ယနေ့နံနက်တွင် ထပ်မံသေဆုံးသွားရာ သေဆုံးသူ စုစုပေါင်း ၂၄ ဦးရှိသွားပြီဖြစ်သည်။

အသက် ၁၁ နှစ်အရွယ် မပြည့်ပြည့်ငြိမ်းသည် ဗုံးစများ ခန္ဓာကိုယ်တွင်းဖောက်ဝင်ခဲ့ရာက အတွင်းဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

”ကလေးက ဗုံးစတွေ ခန္ဓာကိုယ်အနှံ့ထိထားလို့ ဖောက်ဝင်ဒဏ်ရာတွေကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပအဖ အဖွဲ့ ဝင် တဦးက မဇ္ဈိမသို့ ပြောသည်။

မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်၏ MIG-29 ဂျက်ဖိုက်တာသည် မိတ္ထီလာရှမ်းတဲလေတပ်စခန်းမှ နံနက် ၉ နာရီ ၁၄ မိနစ်ဝန်းကျင်က ပျံတက်ခဲ့ပြီး အိုးထိန်တွင်းစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို သုတေသနပြုနေသောအဖွဲ့အစည်းဖြစ်သည့် EAR ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗုံးကြဲမှုကြောင့် ကျောင်းသားကျောင်းသူ ၂၀ ဦး ၊ ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒဏ်ရာရသူအရေအတွက်မှာ ကနဦးသတင်းများတွင် ၄၈ ဦးဟုသာသိရသော်လည်း ယမန်နေ့ညကနောက်ဆုံးတက်လာသောစာရင်းများအရ ၁၀၂ ဦးအထိရှိလာသည်။

ယမန်နေ့က အသက်ရှစ်နှစ်အရွယ် Grade-2 ကျောင်းသား မောင်အောင်ဇေယျသေဆုံးခဲ့ပြီး ဒဏ်ရာရသူများအနက်မှ အသက် ၅၂ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်လွင်၏ ဘယ်ဘက်လက်ဖြတ်တောက်လိုက်ရသည်။

လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်။

အခက်အခဲပေါင်းစုံများကြားမှ သင့်လျော်ရာနေရာများတွင် ဆေးကုသပေးနေရခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ် (ပအဖ) အဖွဲ့ ဝင်က ပြောသည်။

ဒီပဲယင်းမြို့နယ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ရာဒေသတခုဖြစ်ပြီး ဒေသတွင်း စစ်ကောင်စီယန္တရား၏ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားသည်မှာကြာမြင့်လှပြီဖြစ်ရာ သတင်းစီးဆင်းမှုနှေးကွေးလေးလံလှသည်။

ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်။

June 23, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေ၍...
June 22, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မိုးများပြီး ဥရုချောင်းရေများတိုးကာ မြို့ထဲရပ်ကွက်များအထိ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
June 19, 2026
မောင်ခက်နွေ — လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့်...