စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ

စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ

စစ်ကောင်စီ ထိန်းချုပ်ထားသည် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ဘေးတိမ်းရှောင်သွား၍ လူမရှိဘဲ ပစ်ထားခဲ့သည့် နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖြိုဖျက်ပြီး ရောင်းချနေကြောင်း DMG က စုံစမ်းသိရသည်။

စက်ရုံစု၊ မင်းဂံ၊ ဆတ်ရိုးကျစသည့် ရပ်ကွက်တို့တွင် လူမနေသည့် သစ်အိမ်၊ ဝါးအိမ်များကို စစ်ကောင်စီ တပ်သားများ ဖြိုဖျက်ကာ ကုန်ကားကြီးများဖြင့် တင်ဆောင်ပြီး စစ်တွေမြို့ အနောက်ဘက် မွတ်ဆလင် ကျေးရွာများသို့ သွားရောက်ကာ ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

"အရင်ဆုံး အိမ်တွေက ပစ္စည်းတွေကို ထုတ်ယူပြီး မွတ်ဆလင်ရွာတွေမှာ လာရောင်းတယ်။ ဖန်ခွက်တွေဆိုလည်း ပိုက်ဆံ နှစ်ရာ၊ သုံးရာ ဈေးနှုန်းတွေနဲ့ ရောင်းစားနေတာ။ နောက်ထပ် အိမ်သုံးပစ္စည်းတွေအကုန်လုံးကို ထုတ်ရောင်းပြီးတာနဲ့ အိမ်ကသစ်တွေကို ဖြိုဖျက်ယူပြီး ရောင်းတယ်" ဟု စစ်တွေမြို့နယ်မှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက DMG သို့ ပြောသည်။

အဆိုပါ လူသုံးကုန်ပစ္စည်းများကို စစ်တွေမြို့နယ် မွတ်ဆလင်ကျေးရွာများဖြစ်သည့် သက္ကယ်ပြင်၊ အုန်းတောကြီး၊ သဲချောင်း စသည့်ကျေးရွာများတွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများက ဈေးသက်သာစွာဖြင့် ရောင်းချပေးသည့် သစ်များကိုဝယ်ယူကာ အိမ်သစ်ဆောက်နေသည့် မြင်ကွင်းကိုလည်း စစ်ကောင်စီတပ်သားများက ဓာတ်ပုံရိုက် မှတ်တမ်းယူထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

"အသိတစ်ယောက်မှာ အိမ်သစ်ဆောက်နေတာကို တွေ့လို့ မေးကြည့်တော့ စစ်တပ်က လူမရှိတဲ့ ရခိုင်နေအိမ်တွေကို ဖြိုဖျက်ပြီး ဈေးသက်သက်သာသာနဲ့ ရောင်းချနေလို့ အဲဒီက ဝယ်ပြီး အိမ်သစ်ဆောက်နေတာလို့ ပြောတယ်" ဟု မွတ်ဆလင်အမျိုးသမီးက ဆက်ပြောသည်။

ယမန်နေ့ (မေ ၉ ရက်) ကလည်း စစ်ကောင်စီတပ်သားများသည် စက်ရုံစုရပ်ကွက်မှ နေအိမ် ၁၀ လုံးကို ဖြိုဖျက်ပြီး ကုန်ကားကြီးများဖြင့် သယ်ဆောင်ကာ သက္ကယ်ပြင်ကျေးရွာသို့ ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ရကြောင်း ဒေသခံများက DMG သို့ ပြောသည်။

"စက်ရုံစုရပ်ကွက်မှာ အရင်ကလည်း အိမ်ဖြိုတာတွေ ရှိတယ်။ ဒီနေ့လည်း ထပ်ဖြိုတယ်။ အခုကိစ္စက စစ်သားတွေ၊ ALP က လူတွေ ဆယ်အိမ်မှူးတို့၊ ရာအိမ်မှူးတို့နဲ့ ပေါင်းပြီး ဖြိုနေကြတာ။ ရဲစခန်းအနီးမှာ လူမနေတဲ့ အိမ် ၁၀ လုံးလောက်ကို ဖြိုသွားတာ" ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်၊ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် ALP တာဝန်ရှိသူထံ DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ယင်းအပြင် မြို့ခံများမှာ မိမိနေအိမ်ကို ဖြိုဖျက်မည်ဆိုပါကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ထံမှ ခွင့်ပြုချက်ပေးမှသာ ဖြိုဖျက်ခွင့်ရရှိကြောင်း မြို့ခံများက ဆိုသည်။

စစ်တွေမြို့ခံအများအပြားမှာ မြို့တွင်း တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်သွား၍ ငွေကြေးမတတ်နိုင်သူအချို့သာ မြို့အတွင်း ပိတ်မိကျန်နေခဲ့သည်။

စစ်တွေမြို့သည် ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီထိန်းချုပ်ထားရာ တစ်ခုတည်းသော မြို့ဖြစ်ပြီး မြို့နယ်ထဲတွင် လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုများနှင့် တိုက်ပွဲမကြာခဏဖြစ်နေသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...