ရန်ကုန်-မော်လမြိုင် လမ်းပေါ်က မိုးကောင်းတံတားကို မြေဖို့ပြီး သွားလာခွင့်ပြု

ရန်ကုန်-မော်လမြိုင် လမ်းပေါ်က မိုးကောင်းတံတားကို မြေဖို့ပြီး သွားလာခွင့်ပြု
ဓာတ်ပုံ - Social Media
ဓာတ်ပုံ - Social Media

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ မိုင်းခွဲဖျက်ဆီးခံရတဲ့ ဒေသအခေါ် မိုးကောင်းတံတားကို မြေဖို့ပြီး သွားလာခွင့်ပြုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးကောင်းတံတားဟာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရပြီးနောက် အလျား ၃၇ ပေနဲ့ အကျယ် ၄၈ ပေရှိတဲ့ တံတားတစ်စင်းလုံး ဖြတ်သန်းသွားလာလို့ မရတဲ့အထိ လုံးဝ ပျက်စီးခဲ့တာပါ။

တံတားတစ်စင်းလုံး ပျက်စီးသွားပြီးနောက် စစ်ကောင်စီက မေ ၄ ရက်နေ့မှာ တံတားကို မြေဖို့ပြီး ညနေပိုင်းအချိန်မှာပဲ ကားသေး၊ ကားကြီးကအစ ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ ပျက်စီးသွားတဲ့ မိုးကောင်းတံတားကို စစ်ကောင်စီက ဘေလီတံတားမထိုးဘဲ ပိုက်လုံးထည့်ပြီး မြေဖို့ကာ ကားကြီးတွေကအစ ဖြတ်သန်းသွားလာခွင့် ပေးအပ်ထားတယ်လို့ ပြောပါတယ်။

“တံတားအခြေအနေက ပွင့်သွားပြီလေ။ မေ ၄ ရက်နေ့ ညနေ ၄ နာရီလောက်ကပေါ့။ ဘေလီ မထိုးထားဘူး။ ပိုက်လုံး ထည့်တာပေါ့နော်။ ပိုက်လုံးထည့်ပြီး အပေါ်က မြေသားနဲ့ ကျောက်နဲ့ ပိတ်ထားတာပေါ့။ ကားကြီးတွေရော အကုန်လုံးဖြတ်လို့ရတယ်” လို့ ဆိုပါတယ်။

မိုးကောင်းတံတားဟာ မိုးတွင်းရေကြီးချိန်တွေမှာ လမ်းရေကျော်တက်တဲ့ အခြေအနေရှိတာကြောင့် တံတားအချိန်မီ မဆောက်လုပ်နိုင်ပါက မိုးတွင်းကာလမှာ ဖြတ်သန်းသွားလာဖို့ အခက်အခဲရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မိုးကောင်းတံတား ပျက်စီးစဉ်က ခရီးသွား ကားသေးတချို့ဟာ သထုံ-ဘီးလင်း ခရိုင်ချင်းဆက်လမ်းဖြစ်တဲ့ ကျိုက္ကော်-ရွှေရောင်ပြ ကျေးရွာချင်းဆက်လမ်းပိုင်းကနေ သွားလာခဲ့ရပြီး ကားကြီးတချို့တော့ ရပ်တန့် စောင့်ဆိုင်းနေခဲ့ရတာပါ။

မိုးကောင်းတံတားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပထမအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် တံတားအပါအဝင် အနီးဝန်းကျင်ရှိ နေအိမ်တစ်လုံးနဲ့ ဈေးဆိုင်ခန်းတချို့ ပျက်စီးခဲ့တာပါ။

မိုင်းခွဲဖျက်ဆီးခံရတဲ့ မိုးကောင်းတံတားဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ တည်ရှိပြီး တောင်ပိုင်းဒေသရဲ့ ပို့ကုန်၊ သွင်းကုန် တင်ပို့ရာ အဓိက လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...