ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ပြန်ရရေး စစ်ကောင်စီ စစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေ

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ပြန်ရရေး စစ်ကောင်စီ စစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေ

တော်လှန်ရေးပူးပေါင်းတပ်များ ဧပြီလလယ်ပိုင်းက တိုက်ခိုက်သိမ်းယူ၊ ထိန်းချုပ်လိုက်သည့် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်ရရေး စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုး တိုက်ခိုက်လာ၍ နှစ်ဘက် တိုက်ပွဲပြင်းထန်နေသည်ဟု ကေအိုင်စီ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ဖားအံမြို့အခြေစိုက် စစ်ကောင်စီ တပ်မ-၂၂ ဌာနချုပ်မှ လက်နက်ခဲယမ်းနှင့် စစ်ဗျူဟာ အရာရှိတို့ ကျုံဒိုးတပ်ရင်း သို့ ဧပြီ ၂၉ ရက်နေ့တွင် ရောက်ရှိလာပြီးနောက် ယနေ့ နံနက်ပိုင်းမှစ၍ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ပြီး စစ်ကြောင်းထွက်ထိုးလာခြင်းဖြစ်သည်ဟု ကျုံဒိုးစစ်ရေးနယ်မြေ သတင်းရင်းမြစ်က ပြောသည်။

“မနက် ၆ နာရီကျော် ကတည်းက စပစ်တာ လက်နက်ကြီးတစ်ပြိုင်ထဲပစ်၊ နေရာစုံ ကျပေါက်သံတွေ ညံနေရောပဲ။ ကျုံဒိုးဗျူဟာကုန်း၊ ခမရ - ၅၄၅/၅၄၆၊ ဂျိုင်းတံတားနဲ့ ကျုံဒိုးမီးပုံကွင်းကနေ နွားခြံကုန်း၊ လေးတိုင်၊ ညီညာ သာလင်း၊ ၅ တိုင်၊ ရေပူကြီး၊ ကော့ဝါလဲ၊ နောင်တမံရွာဘက်ကို ကျနေတာ။ ကော့ဘိန်း၊ ကော့ပေါက်ဘက်ကနေ တောင် အသံကြားနေရတယ်။ ရွာသားတွေတော့ စစ်တပ်စစ်ကြောင်းထိုးလာတော့ ရှောင်ကုန်ပြီး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျုံဒိုး ခြေလျင်တပ်ရင်း- ခမရ ၅၄၅-၅၄၆ တို့မှ အင်အား၂၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် အုန်း တစ်ပင်ရွာ ဘက်နှင့် နွားခြံကုန်းရွာဘက်သို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က နံနက် ၇ နာရီခန့် ဒရုန်းကင်းထောက် ပျံသန်း စောင့်ကြည့်ပေးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“မနေ့က ဖားအံကနေ လက်နက်နဲ့ ခဲယမ်း၊ အရာရှိတွေလာပို့တယ်လို့ သိရတယ်။ ဒီမနက်မှာ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်သိမ်းဖို့ စစ်ကြောင်း၂ ခု ထွက်လာ နေတယ်။ အုန်းတစ်ပင်ဘက်ရယ်၊ နွားခြံကုန်းဘက်ရယ်ကို စကစဘက်က စပြီး ပြန်ထွက်တိုက်တာပေါ့” ဟု စစ်ကောင်စီနှင့် နီးစပ်သည့်သတင်း အရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ သင်္ကြန်ကာလမှစ၍ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA နှင့် မဟာမိတ်တပ်များ စစ်ကောင်စီတို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စီ ကာကင်းစခန်းများကို မဟာမိတ်ပူးပေါင်းတပ်များဘက်က သိမ်းပိုက်ပြီးလမ်းပိုင်းကို ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

နှစ်ပတ်ကျော်ကြာမြင့်လာသည့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးသူများရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးသူများနေသည်ဟု သိရသော်လည်း နှစ်ဖက်စလုံးက ထုတ်ပြန် ထားခြင်းမရှိသေးပေ။

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲချခြင်းတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...