နောင်ချို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

နောင်ချို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး
မတ်လအတွင်း နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲသို့ စစ်ကောင်စီမှ လေကြောင်းနှင့် ဒရုန်းဗုံးကြဲမှုကြောင့် နေအိမ်မီးလောင်ပျက်စီးခဲ့စဉ်။
မတ်လအတွင်း နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲသို့ စစ်ကောင်စီမှ လေကြောင်းနှင့် ဒရုန်းဗုံးကြဲမှုကြောင့် နေအိမ်မီးလောင်ပျက်စီးခဲ့စဉ်။

သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲကျေးရွာတဝိုက်ကို အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ (၆) နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲ ကျေးရွာတဝိုက်ကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးအလုံး (၃၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က ပိုကြမ်းလာတယ်၊ အုမ္မတီးလမ်းခွဲမှာ အိမ်တွေ မီးထပ်လောင်တာ အများကြီးပဲ။ ရှေ့ရက်က လေယာဉ်ပျံနဲ့ ဗုံးလာကြဲတယ်၊ အခုက ရွာထဲမှာ တိုက်ပွဲဖြစ်တာ တော်တော်ကြမ်းတယ်။ ဒီနေ့လည်း လက်နက်ကြီးနဲ့ ပစ်နေကြတုန်းပဲ။ အခုက တိုက်ပွဲဖြစ်နေတော့ အဲ့ဘက် ဘယ်သူမှ ပေးမဖြတ်ဘူး၊ သွားရင် ပစ်မှာလို့ ပြောထားတာ” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ စစ်ကောင်စီ၏ အမြောက်တပ်ရင်းဌာနချုပ် တည်ရှိရာ တောင်းခမ်းဒေသတွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲနေ့စဉ် ပြင်းထန်နေပြီး မဲပုတ်နှင့် နောင်လင်ကျေးရွာများမှ ပြည်သူများကို နှစ်ဘက်စလုံးမှ ရှောင်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

“နောင်ချိုမှာတော့ ကြမ်းနေတယ်၊ မဲပုတ် နောင်လင်ဘက်က ရှောင်ခိုင်းထားတာ။ တောင်းခမ်းဘက်တော့ နေ့စဉ်ရက်ဆက် တိုက်နေကြတယ်။ လေယာဉ်ပျံကတော့ ပတ်ကျဲနေတယ်၊ ဘယ်နား အတိအကျရယ်လို့ မသိရဘူး။ အုမ္မတီးဘက်ကတော့ သူတစ်လှည့် ကိုယ်တစ်လှည့် တွယ်နေကြတယ်” ဟု နောင်ချိုမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဧပြီလ ၂၂ ရက်ကလည်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် (၅) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အပြင် ဧပြီလ (၂၁) ရက်ကလည်း တောင်းခမ်းကျေးရွာရှိ (၉၀၂) အမြောက်တပ်ရင်းအနီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၅) လုံး လာရောက်ကြဲချခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး (၃) ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ အပစ်အခတ် ရပ်စဲရေးကို ဧပြီလကုန်အထိ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် နိုင်ငံတကာမှ တားမြစ်ထားသည့် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခြင်းကို မကြာခဏ ပြုလုပ်နေသည်။

ယခုလက်ရှိ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းကြောင့် TNLA နှင့် DPLA တို့ ပူးပေါင်း၍ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...