မြန်မာ့လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ

မြန်မာ့လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ

မြန်မာနိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားစာနာရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA Myanmar က သတင်းထုတ်ပြန်ပါတယ်။

UNOCHA ရဲ့ ဖော်ပြချက်အရ ငလျင်မဖြစ်ခင်က အကူအညီလိုအပ်နေတဲ့ လူဦးရေ ၁ ဒသမ ၁ သန်းဝန်းကျင်ကနေ ငလျင်လှုပ်ပြီးတဲ့နောက် အခုလိုမျိုး ပမာဏာအထိ သိသိသာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ရေထောက်ပံ့ရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ခဲ့ရပြီး အိမ်သာပေါင်း ၄၂,၀၀၀ လောက် ပြိုလဲခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး မကြာခဏ ဓာတ်အားပြတ်တောက်မှုတွေကလည်း ရေဖြန့်ဖြူးမှု လုပ်ဆောင်ဖို့ ပိုမိုရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခြေအနေတွေ ပိုဆိုးမလာခင် လူသားချင်စာနာထောက်ထားရေး မိတ်ဖက်တွေဟာ သန့်ရှင်းတဲ့ရေ၊ အရေးပေါ် သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ တကိုယ်ရေသုံးပစ္စည်းတွေကို လူဦးရေ ၁ သန်းလောက်အထိ ထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့တာပါ။

ငလျင်ဘေးသင့် လူမှုအသိုက်အဝန်းအတွက် အရေးပေါ် အမိုးအကာ၊ ငွေသားအကူအညီ၊ ဘေးကင်းစိတ်ချရတဲ့ သောက်သုံး‌ရေ၊ မိခင်တွေအတွက် အထောက်အပံ့၊ အစားအသောက်နဲ့ ကျန်မာရေးစောင့်ရှောက်မှုတွေဟာ ချက်ချင်း ဦးစားပေးရမယ့်အရာတွေဖြစ်တယ်လို့ UNOCHA က အလေးပေး ပြောဆိုထားတာပါ။

အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည် လည်ပတ်ခွင့်ရရှိနိုင်ဖို့ဟာလည်း အရေးတကြီးဖြစ်နေတယ်လို့ မြန်မာ့ငလျင်တုံ့ပြန်မှုအရေး တတိယမြောက် အခြေအနေသုံးသပ်ချက်ထဲ ဖော်ပြထားပါတယ်။

မတ် ၂၈ ရက်မှာ ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနှစ်ခုကြောင့် ဘေးဆိုးကြီးဖြစ်ပြီး သီတင်း ၃ ပတ်ကြာတဲ့အထိ အပြင်းထန်ဆုံး ရိုက်ခတ်မှုခံခဲ့ရတဲ့ လူမှုအသိုက်အဝန်းတွေဟာ အမိုးအကာ၊ သန့်ရှင်းတဲ့ရေ၊ တည်ငြိမ်တဲ့လျှပ်စစ်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆက်လက်ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

ဆက်လက်ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် အိမ်တွေ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်သက်သာစေရေး ကြိုးပမ်းမှုတွေက အရာမတွင် ဖြစ်နေရတာပါ။

ကနဦးငလျင်ကြီးကြောင့် အိမ်ပေါင်း ၄ သောင်းကျော် ထိခိုက်တာ ပျက်စီးတာဖြစ်ခဲ့ပြီး အိမ်ထောင်စု တော်တော်များများဟာလည်း လဟာပြင်နေရာတွေမှာ အိပ်စက်နေရဆဲဖြစ်ကာ သူတို့အိမ်တွေကိုပြန်ဖို့ ကြောက်ရွံ့နေကြတာ ဖြစ်ပါတယ်။

အမိုးအကာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူအရေအတွက်ဟာလည်း ၁ သန်းကနေ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာတယ်လို့ UNOCHA က မှတ်ချက်ပြုပါတယ်။

ဧပြီ ၂၀ ရက်အထိ ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံးထားပြီး လူ ၁၂၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြန်မာ့အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...