လိင်လုပ်သား အမျိုးသမီးများ ပေါ်ပေါ်ထင်ထင်တွေ့လာရသည့် မြို့စစ်တွေ

လိင်လုပ်သား အမျိုးသမီးများ ပေါ်ပေါ်ထင်ထင်တွေ့လာရသည့် မြို့စစ်တွေ

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည် မြို့တော် စစ်တွေရှိ လမ်းမကြီးနှင့် နာမည်ကြီး စားသောက်ဆိုင်များတွင် ယခုလပိုင်းအတွင်း လိင်လုပ်သား အမျိုးသမီးများကို ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရကြောင်း DMG က စုံ စမ်းသိရသည်။

လုံခြုံရေးစိုးရိမ်ချက်ကြောင့် စစ်တွေမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးအဆင်ပြေသူများအပါအဝင် ဒေသခံအများစုမှာ ဘေးလွတ်ရာဆီ တိမ်းရှောင်နေကြပြီး မြို့တွင်းမှာ အခြေခံ လက်လုပ်လက်စားနှင့် ဆင်းရဲနွမ်းပါးသူအများစုသာ ကျန်ရှိတော့သည်။

မြို့တွင်းပိတ်မိချိန် ကြာမြင့်လာသည့်အမျှ ဒေသခံများမှာ အလုပ်အကိုင်မရှိ၊ စားဝတ်နေရေး၊ ငွေကြေးကျပ်တည်းမှုနှင့် အငတ်ဘေးဆိုက်မှုတို့ကြောင်း အမျိုးသမီးများမှာ ဝင်ငွေရလိုရငြား လိင်လုပ်သားအလုပ်ကို လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

စစ်တွေမြို့တွင်းနေ ဒေသခံ ၁၀ ဦးထက်မနည်းကို DMG က မေးမြန်းကြည့်ရာ လိင်လုပ်သား အမျိုးသမီးများကို စစ်တွေမြို့ ဝေသာလီဘောလုံးကွင်း၊ အဝေးပြေးကားဂိတ်ဝန်းကျင်၊ ဘိုးဘွားရိပ်သာအနီးနား၊ ကမ်းနားလမ်း၊ BXT ဆိပ်ကမ်း၊ ရွှေပြည်သာကားဂိတ်အနီး၊ မြို့တွင်း နာမည်ကြီး စားသောက်ဆိုင်အချို့တို့မှာ ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရခြင်းဖြစ်ကြောင်း ဆိုကြသည်။

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “အရင်က မတွေ့မိဘူး။ အခုကတော့ တကယ်အများကြီးတွေ့လာရတာပါ။ ညဖက်တွေဆိုရင် ဟိုနားမှာလည်းတွေ့ ရတယ်။ ဒီနားမှာလည်း တွေ့ရတယ်။ အသက် ၃၀ ကျော်၊ ၄၀ အရွယ် လောက်ရှိတဲ့ အမျိုးသမီးတွေနဲ့ အရွယ်စုံပါတယ်။ ဆွဲလားငင်လားတောင် လုပ်ကြတယ်။ လူခေါ်တယ်ပေါ့ဗျာ ” ဟု ပြောသည်။

DMG မှ လေ့လာစုံစမ်းချက်အရ ယခင်က လိင်လုပ်သားများကို သတ်မှတ်နေရာများ၌သာ တွေ့မြင်ခဲ့ရသော်လည်း လက်ရှိကာလမှာ အုပ်စုဖွဲ့၍ ဖောက်သည်လိုက်ရှာနေခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဖက်မှာလည်း စစ်တွေမြို့မှ အမျိုးသမီး Date Girl သီးသန့်ဆိုသည့် Private Telegram Channel ကိုလည်း ယခုကာလမှာ တွေ့မြင်လာရသည်။

ယခင်က တစ် section ကို ငွေကျပ် ၂၅,၀၀၀ ကနေ ငွေကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သော်လည်း လက်ရှိ ကာလမှာ တစ် section ကို ငွေကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ သာရှိတော့ကြောင်း သိရသည်။

စစ်တွေမြို့ခံ (အမည်လွှဲ) ကိုမောင်မောင်က “ကျနော်ဆိုရင် ကိုယ်တိုင်ကြုံတွေ့ခဲ့ ရတာပါ။  ကြိုက်တဲ့နေရာကို ခေါ် တစ်သောင်းပဲ ပေးပါဆိုပြီးတော့ ပြောတာ” ဟု ပြောသည်။

လိင်လုပ်သားများ၏ အဓိကဖောက်သည်မှာ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်း၊ စစ်သားအပါအဝင် ညအချိန် ကင်းလှည့်လည်သည့် စစ်ကောင်စီတပ်သားများ ပါဝင်ကြောင်း သိရသည်။

“စစ်တွေ နာမည်ကြီး - - နဲ့ - -- စားသောက်ဆိုင်တွေမှာဆို ပေါ်ပေါ်ထင်ထင်ပဲ။ အဓိက ဖောက်သည်တွေက တော့ ရဲသား၊ စစ်သားတွေ ဗိုလ်အဆင့်ရှိသူတွေလည်းပါ ကြတယ်။ တချို့ဆိုရင် အဲအမျိုးသမီးတွေကို လူသူမရှိတဲ့ နေအိမ်တွေကို ခေါ်သွားတာလည်း ရှိပါတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားက ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် စက်သုံးဆီတစ်လီကို ငွေကျပ် ၁၇,၀၀၀၊ ပေါ်ဆန်းမွေးဆန် တစ်အိတ်ကို ငွေကျပ် နှစ်သိန်းငါးသောင်း၊ စားသုံးဆီ တစ်လီတာကို ကျပ် ၁၂,၀၀၀ စသည့်ဖြင့် ဈေးနှုန်းအသီးသီးရှိသည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်း အလုပ်အကိုင်မရှိခြင်းတို့ကြောင့် ငတ်မွတ်မှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့လာရသည့်အတွက် စစ်တွေမြို့ အချို့ရပ်ကွက်မှ အမျိုးသမီးများမှာလည်း အဆိုပါအလုပ်ဖြင့် ဝမ်းရေးဖြေရှင်းလာကြသည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“----ရပ်ကွက် ညဖက်ဆိုရင် အလှပြင်ပြီးတော့ သွားကြပြီ။ သူ့မှာ ကလေးနှစ်ယောက်ရှိတယ်။ ကလေးတွေ ငတ်မွတ်တာ မခံနိုင်တော့ ရတဲ့အလုပ်ကိုလုပ်တယ်။ ကျမဆိုရင် သူမ ဒီလိုလုပ်နေပြီဆိုတာကို သိရတုန်းက ရင်ဝကို ဓားနဲ့ထိုး လိုက်သလို ခံစားရပါတယ်။ တော်တော်လည်း ဆိုးရွားနေပါလား ဆိုပြီးတော့ အပြစ်တောင် မပြောဝံ့ဘူး” ဟု ---- ရပ်ကွက်မှ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက DMG ကို ပြောသည်။

တစ်ဖက်မှာလည်း စစ်တွေမြို့ရှိ ဆင်ခြေဖုံရပ်ကွက်မှ အခြေခံလက်လုပ်လက်စားများနှင့် ဆင်းရဲနွမ်းပါးသည့် ဒေသခံများမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ငတ်ပြတ်ဆာလောင်မှုဒဏ်ကို ခံနေရကြောင်း ပြောဆိုကြသည်။

ရခိုင်ဒေသမှာ မြို့သိမ်းတိုက်ပွဲ တစ်နှစ်ကျော်ကြာမြင့်လာနေပြီး လက်ရှိမှာ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ ၃ မြို့ကိုသာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရန် ကျန်ရှိနေပြီဖြစ်သည်။

ယင်းအထဲမှာ စစ်တွေမြို့တွင် စစ်ကောင်စီနှင့် AA တို့ မကြာခဏ တိုက်ပွဲဖော်ဆောင်မှုရှိနေပြီး စီးပွားရေး၊ နေထိုင်ရေး၊ ကျန်းမာရေးကအစ ဂဏာမငြိမ်ဖြစ်နေသည့်အတွက် ဝမ်းရေးကိုဖြေရှင်းရန် နည်းမျိုးစုံနှင့် ကြိုးကန်နေရသည်ဟု အမည်မဖော်လိုသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုလိုမျိုး လိင်လုပ်သားတွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာကတော ကောင်းကျိုးလဲဖြစ်လာနိုင်သလို ဆိုးကျိုး လည်းဖြစ်လာနိုင်တယ်။ စိတ်ကိုအာသာဖြေဖို့ ပစ်မှတ်အဖြစ် ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ထိရောက်မှု လျော့နည်းလာနိုင်တာပေါ့။ လိင်လုပ်သားတွေနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံမှုတွေရှိလာနိုင်တာကြောင့် အဲဒီ ကနေ တစ်ဆင့် HIV ပိုးကူးစက်မှု ပိုမြင့်လာနိုင်တယ်။ တစ်ဖက်မှာ စစ်တွေက HIV တို့၊ TV ဆေးတို့ ပြတ်နေတာလည်း ကြားရတော့ ဒီလိင်လုပ်သားတွေအတွက်ကတော့ တော်တော်လည်း စိုးရိမ်စရာအခြေနေပါ” ဟု အမည်မဖော်လိုသည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုက အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးက ဆက်လက်၍ “ဒီအခြေအနေတိုင်းဆိုရင် (စားဝတ်နေရေးခက်နေရင်) လိင်လုပ်သားက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလဲ လိင်ကျေးကျွန်အဖြစ် ပါဝင်မှုမြင့်တက်လာနိုင်သလို လိင်လုပ်သားတွေအတွက် ကျန်းမာရေးပိုင်းကလည်း တော်တော်လည်း စိုးရိမ်စရာဖြစ်လာမှာပါ” ဟု ပြောသည်။

ယခုအခြေနေတိုင်းသာ ဆက်ရှိနေမည်ဆိုပါက စစ်တွေမြို့တွင်းနေ အခြေခံလက်လုပ်လက်စားနှင့် ဆင်းရဲနွမ်းပါးသူများမှာ ယခုထက်ပိုဆိုးလာနိုင်ပြီး တစ်ဖက်မှာလည်း လိင်လုပ်သားလည်း ပိုဆိုးလာနိုင်သည်ဟု သုံးသပ်ပြောနေကြသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အရက္ခတပ်တော်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...