ဘုရားသုံးဆူမြို့ပေါ်တွင် Starlink ဆက်သွယ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ဘုရားသုံးဆူမြို့ပေါ်တွင် Starlink ဆက်သွယ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ကရင်ပြည်နယ်၊ ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့တွင် လက်ရှိ မြန်မာနှင့်ထိုင်းမှ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတို့ ပြတ်တောက်နေစဉ် Starlink အင်တာနက် ဝိုင်ဖိုင်စက်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြကြောင်း မြို့ခံသတင်းအရင်းအမြစ်များအရ သိရသည်။

ဘုရားသုံးဆူနယ်စပ်မြို့ကို ပြီးခဲ့သည့်ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ ကျားဖြန့်နှိမ်နင်းရေးကိစ္စကြောင့် ထိုင်းနိုင်ငံမှ လျှပ်စစ်၊ အင်တာနက်နှင့် စက်သုံးဆီအပါအဝင် ဆက်သွယ်ရေးလိုင်းတို့ကို စတင်ဖြတ်တောက်ထားစဉ် မြန်မာဘက်မှ (Atom) ဖုန်းလိုင်း ရရှိနေသော်လည်း မတ်လလယ်ပိုင်းမှစ၍ ဒေသခံတို့ ဆက်သွယ်ရေးဖုန်းလိုင်းအားလုံး လုံးဝ ပြတ်တောက်ခဲ့သည်။

မြို့ခံပြည်သူတို့၏ ပြောပြချက်အရ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် DKBA မှ ၎င်းတို့နှင့် နီးစပ်သူတို့ကို Starlink စက်များ တပ်ဆင်ပေးနေသည့်အပြင် တပ်ဆင်ခ ဘတ် ၅၀၀၀ နှင့် လစဉ်ကြေး ၅၀၀ ပေးဆောင်ပါက မည်သည့်နေရာတွင်မဆို တပ်ဆင်နေပြီဖြစ်သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

“Starlink WiFi တွေကိုမြို့မှာ လိုက်တပ်ပေးနေတယ် တပ်ဆင်ခ တလုံး ဘတ် 5000 လစဉ်ကြေး တလဘတ် 500 နဲ့ ပေးရမယ် Starlink က မှာလို့ရတယ် ပိုက်ဆံရှိရင်ရပြီး” ဟု ၎င်းကပြောသည်။

ဝယ်ယူရရှိရန် ခက်ခဲသည့် အဆိုပါ wifi စက်ကို လက်ရှိ ဘုရားသုံးဆူမြို့ပေါ်တွင် ရုံး၊ လူနေအိမ်နှင့် စားသောက်ဆိုင်တို့တွင်သာမက အခြေခံလူတန်းစား ရပ်ကွက်တို့တွင်လည်း တပ်ဆင်ပြီး မျှဝေသုံးစွဲလျှက်ရှိသည်။

တရားမဝင် နယ်စပ်လမ်းမှတစ်ဆင့် တင်သွင်းနေသည့် Starlink စက်တို့ကို လောင်းကစားများနှင့် အွန်လိုင်းရာဇဝတ်မှုများအတွက် အသုံးပြုနိုင်သည်ဟုဆိုကာ ထိုင်းအာဏာပိုင်တို့မှ တင်သွင်းမှုကို မကြာခဏ ဖမ်းဆီးလေ့ရှိသော်လည်း ဘုရားသုံးဆူမြို့ပေါ်သို့ မည်သည့်အတွက်ကြောင့် သုံးစွဲမှုများလာသည်ကို မသိရှိကြောင်းလည်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

သို့သော် starlink တပ်ဆင်ပေးနေသည့်ကိစ္စကို မသိရှိကြောင်းနှင့် DKBA မှ ထိုသို့ စီစဉ်လုပ်ဆောင်ပေးခြင်း မဖြစ်နိုင်ကြောင်း DKBA မှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

“အဲတာတော့ အထက်တာဝန်ရှိသူတွေကို မေးမှ သိနိုင်မှာပေါ့နော်၊ ကျနော်သိရသလောက်က starlink တွေ ဘာညာစီစဉ်ပေးဖို့က စက်တစ်လုံးလုံးဝယ်ဖို့က လွယ်တာမှ မဟုတ်တာနော်၊ ကျနော်ထင်တယ် အဲတာတွေ မဟုတ်လောက်ဘူး” ဟု တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် မြန်မာဆက်သွယ်ရေးလိုင်းဖြစ်သည့် Atom ကိုလည်း DKBA ၏ စီးပွားရေးကန်ထရိုက်အဖွဲ့တို့မှ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

လက်အချိန်အထိ ဘုရားသုံးဆူဒေသခံတို့ ဖုန်းလိုင်းနှင့် အင်တာနက်ရရှိမှု ပိုမိုဆိုးရွားလာနေသဖြင့် ဆက်သွယ်ရေးအခက်အခဲကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကဒ်ရှိသည့် ဒေသခံတို့ ထိုင်းနိုင်ငံ စခလပူရီဘက်သို့ ရွှေ့ပြောင်းနေထိုင်ရန် စီစဉ်နေသူတို့ရှိကြောင်းလည်း ဆက်ပြောသည်။

တစ်ဖက်တွင်လည်း ဘုရားသုံးဆူမြို့နှင့် ဝေးလံသည့်နေရာတွင် ကျန်ရှိနေသည့် တရုတ်နိုင်ငံသားတို့မှ starlink ဆက်သွယ်ရေးစနစ်ကို အသုံးပြုကာ ၎င်းတို့လုပ်ငန်း ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်နိုင်ကြောင်း ဘုရားသုံးဆူဒေသတွင်း လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတို့ ခန့်မှန်းပြောဆိုလျှက်ရှိသည်။

Starlink သည်တကမ္ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုနိုင်ရန်ရည်ရွယ်ကာ အမေရိကန် အာကာသယာဉ်ကုမ္ပဏီ Space X မှ ထုတ်လုပ်ထားသည့် ဂြိုဟ်တု အင်တာနက်ကွန်ရက်စနစ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် ဂြိုဟ်တုအင်တာနက်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...